
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တချို့ ကိုယ်ထောင်ထားတဲ့မိုင်း ပြန်နင်းမိတာကြောင့် ၂ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၂ ရက် ညနေပိုင်းက ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဆတ်ဒေါင့်ကြီးကျေးရွာမှာ ရောက်နေတဲ့ စစ်အာဏာရှင်တပ်က ကိုယ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ပြန်နင်းမိတာကြောင့် တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေပြင်ဖြစ်စဉ်ကို သိရှိတဲ့သူက “စစ်ကြောင်းထိုးဖို့ထွက်ရင်း ကိုယ်ထောင်ထားတဲ့မိုင်းကို ပြန်နင်းမိတာ။ မြေမြှုပ်မိုင်းလို့ သိရတယ်။ တခါတည်း ပွဲချင်းပြီးသေတာက ၂ ယောက်၊ ဒဏ်ရာရတဲ့သူတွေလည်း မနည်းဘူး” လို့ ပြောပါတယ်။
ကိုယ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း ပြန်နင်းမိတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေထဲမှာ အဓမ္မ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရတဲ့ တပ်သားတွေလည်း ပါဝင်ပြီး ကျုံပျော် ခလရ ၃၆ တပ်နဲ့ ရန်ကုန်ဘက်က ပို့လိုက်တဲ့ တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ဒဏ်ရာရတဲ့သူတွေကို မြေပြင်မှာပဲ ဆေးကုသပေးနေတယ်လို့ သိရတယ်။ တပ်ဘက်ကတော့ ထွက်ပြေးတဲ့တပ်သားတွေ သေဆုံးတာ၊ PDF တွေထောင်ထားတဲ့ မိုင်းလို့ သတင်းလွှင့်နေတယ်” လို့ ပြောပါတယ်။
မိုင်းပြန်နင်းမိလို့ သေဆုံးသွားတဲ့ စစ်အာဏာရှင်တပ်က တပ်ဖွဲ့ဝင် ၂ ယောက်ကို တပ်အရာရှိတွေရဲ့ အမိန့်နဲ့ မြေပြင်မှာပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
သေဆုံး ထိခိုက်ဒဏ်ရာရရှိတဲ့အထဲမှာ စစ်မှုထမ်းတပ်သားတွေ ပါတာဟာ အရပ်သားလူငယ်တွေကို အဓမ္မ စစ်မှုထမ်းဖမ်းခေါ်ကာ စစ်သင်တန်းကာလတို ပို့ချပြီး စစ်ပစ္စည်းတွေ ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးဘဲ စစ်မြေပြင်ပို့ဆောင်တာကြောင့် ဖြစ်တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက ဆိုပါတယ်။











