DVB Logo
Home
မြန်မာသတင်း
ကရင်နှင့် ကရင်နီဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ဖြစ်၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်
DVB
·
January 19, 2023
ကရင်နှင့် ကရင်နီဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ဖြစ်၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ-၃၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေက သီတင်း ၂ ပတ်အတွင်း လက်နက်ကြီးအလုံး ၃၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃ ရက်ကနေ ၁၇ ရက်အထိ ၁၅ ရက်အတွင်း အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားပြည်သူလူထုနေအိမ် ၂ လုံး ပျက်စီးခဲ့ကာ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူ ညောင်လေးပင်ခရိုင်ထဲမှာ တပ်စွဲထားတဲ့ ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁ နဲ့ ခမရ-၄၃၉ တို့က ပစ်ခတ်ခဲ့တာကြောင့် ခလယ်တူရယ်ကျေးရွာကို လက်နက်ကြီး ၉ လုံး၊ ဃဲဒဲကျေးရွာကို ၄ လုံး၊ ပကော်ခီးကျေးရွာကို ၂ လုံး၊ ကျို့ကုန်းကျေးရွာကို ၂ လုံး၊ သရေးစီလော်ကျေးရွာကို ၂ လုံး၊ မတောကူးကျေးရွာကို ၅ လုံး၊ သေဂေါ်ဒဲကျေးရွာကို ၄ လုံးနဲ့ ရွှေပေါက်ကံကျေးရွာကို ၃ လုံးစီနဲ့ စုစုပေါင်း ကျေးရွာ ၈ ရွာထဲကို ပစ်ခတ်ခဲ့ကြတာလို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာလည်း ၆ မိုင်လမ်းကြီးတကျော ပြီးခဲ့တဲ့ တပတ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉ က သတင်းထုတ်ပြန်ထားပါတယ်။

စံပြ ၆ မိုင်ကျေးရွာအုပ်စု လမ်းမကြီးတကျောကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တရက်တည်းမှာပဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စံပြ ၆ မိုင် ဘုရားကျောင်း အပါအဝင် လမ်းမကြီးတကျောရှိ နေရာ ၃ ခုမှာ စစ်ကောင်စီဘက်က ဝင်ရောက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

၆ မိုင်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲက အပြင်ထွက်လာတဲ့ စစ်ကြောင်းကို ညအချိန်မှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် နောက်ရက်တွေမှာလည်း ၆ မိုင်ကျေးရွာနဲ့ ဘက်သလိန်ကျေးရွာရှိ စစ်ကောင်စီ ခြေကုပ်ယူထားနေရာတွေအပြင် ခမရ ၄၂၇ တပ် ကင်းပုန်းတို့ကို KNDF က အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၅ ရက်နေ့မှာတော့ ဘုရားကျောင်းမှာ တပ်စွဲထားတဲ့  စစ်ကောင်စီတပ်ကို KNDF B (09) က လက်နက်ကြီးနဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးသွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013