DVB Logo
Home
မြန်မာသတင်း
အရည်အချင်းရှိခေါင်းဆောင်များကို အစိုးရအဖြစ် အုပ်ချုပ်ခွင့်ပြုရန် မြန်မာစစ်တပ်ကို အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်း တိုက်တွန်း
DVB
·
January 19, 2023
အရည်အချင်းရှိခေါင်းဆောင်များကို အစိုးရအဖြစ် အုပ်ချုပ်ခွင့်ပြုရန် မြန်မာစစ်တပ်ကို အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်း တိုက်တွန်း
Donate to DVB

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်မှာ နိုင်ငံရေးနယ်ပယ်ကနေ စစ်တပ်က နောက်ဆုတ်ပေးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နမူနာကို မြန်မာစစ်အာဏာရှင်တွေ အတူယူသင့်ကြောင်းနဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို တိုင်းပြည်အစိုးရအဖြစ် အုပ်ချုပ်ခွင့်ပြုသင့်တဲ့အကြောင်း အင်ဒိုနီးရှား ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  ဗိုလ်ချုပ်ကြီးဟောင်း  လူဟတ်ပန်ဂျိုင်တန်က ပြောလိုက်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေနဲ့အတူ ပိုမိုဆိုးရွားလာနေတဲ့ ပြည်သူလူထုရဲ့ အုံကြွမှုတွေကြောင့် စီးပွားရေး တရှိန်ထိုးကျဆင်းနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အနေနဲ့ နိုင်ငံရေးကနေထွက်ခွာပြီး အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တွေကို အုပ်ချုပ်ခွင့်ပြုလိုက်သင့်တယ်လို့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်တဲ့ လူဟတ်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို တိုက်တွန်း ပြောခဲ့တာပါ။

“အစိုးရထဲမှာ စစ်တပ်ကလူကြီးတွေ အများကြီးရှိနေလည်း ကိုယ်က အရည်အချင်း မပြည့်မီဘူးဆိုရင် သမ္မတမလုပ်သင့်ဘူးပေါ့။ အင်ဒိုနီးရှားမှာလိုပဲ တကယ် အရည်အချင်းပြည့်မီတဲ့သူတွေကို ပေးအုပ်ချုပ်သင့်တာ” လို့ ဝန်ကြီးချုပ်အဖြစ် နာမည်ခံထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ကာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောခဲ့ကြောင်း Bloomberg သတင်းမှာ ဖော်ပြပါတယ်။

ဒီပြောကြားချက်ဟာ သူ့ရဲ့အမြင်သာဖြစ်ပြီး အင်ဒိုနီးရှားကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရာမှာ အာဆီယံရဲ့ ပြည်တွင်းရေးဝင်ရောက်မဖွက်ဖက်ရေး မူဝါဒအတိုင်း လိုက်နာကျင့်သုံးသွားမှာဖြစ်တယ်လို့ ပန်ဂျိုင်တန်က ပြောခဲ့ပါတယ်။

“ဒီတနှစ်၊ နှစ်နှစ်အတွင်းမှာ သူတို့ပြဿနာကို သူတို့ဘာသာ ဖြေရှင်းသွားနိုင်မယ် ထင်ပါတယ်” လို့လည်း အင်ဒိုနီးရှားဝန်ကြီး ပန်ဂျိုင်တန်က ပြောပါတယ်။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အင်ဒိုနီးရှားက ဝန်ကြီး လူဟတ်ရဲ့ ဒီမှတ်ချက်အပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲလို့ မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ Bloomberg သတင်းက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး သမ္မတဆီကနေ ၁၉၆၆ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဆူဟာတိုကို ၁၉၉၈ မှာ နိုင်ငံရေးကနေ ဖယ်ရှားပြီးနောက် အင်ဒိုနီးရှားဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။

အင်ဒိုနီးရှားကို ဆယ်စုနှစ်ပေါင်း သုံးခုကြာအောင် သံမဏိစည်းကမ်းတွေနဲ့ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ဆူဟာတိုက နိုင်ငံတွင်း စီးပွားရေး အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်ခဲ့ပြီးနောက် ပန်ဂျိုင်တန်တို့လို စစ်တပ်ကခေါင်းဆောင်တွေဟာ နောက်မျိုးဆက် အစိုးရမှာ နေရာရလာခဲ့ပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေအတွက် မြန်မာစစ်အာဏာရှင်တွေ တာဝန်ခံမှု ရှိစေရေးကို လူသိထင်ရှား ဦးဆောင် ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားဟာ အခုနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အာဆီယံရဲ့ အရေးကြီး ထိပ်သီးညီလာခံတွေသာမကဘဲ အာဆီယံဆိုင်ရာ ဆက်စပ်အစည်းအဝေးတွေ အားလုံးမှာ မြန်မာစစ်အာဏာရှင်တွေကို တက်ရောက်ခွင့်မပြုဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တခြားအာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို အဆိုတင်သွင်းခဲ့ပါတယ်။

Ref: Bloomberg

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013