DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာ ၂ ဖွဲ့တိုက်ပွဲဖြစ်၊ Zero Line စခန်းမီးရှို့ခံရပြီး ဒုက္ခသည်များ ထွက်ပြေး
DVB
·
January 19, 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာ ၂ ဖွဲ့တိုက်ပွဲဖြစ်၊ Zero Line စခန်းမီးရှို့ခံရပြီး ဒုက္ခသည်များ ထွက်ပြေး
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားပြီး  Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ  ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့  နယ်စပ် ဒုက္ခသည်အသိုင်းအဝိုင်းက သိရပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို  ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့(RAB)တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာက တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တာလို့ နှစ်နိုင်ငံနယ်စပ်ရှိ  ဒုက္ခသည်တွေက ပြောပါတယ်။

မျက်မြင်တွေ့ရတဲ့ ဒုက္ခသည်တဦးက "တိုက်ပွဲဖြစ်တာက ဘင်္ဂလားအစိုးရရဲ့ Rapid Action Battalion(RAB) တပ်ဖွဲ့နဲ့  RSO တပ်ဖွဲ့တွေပူးပေါင်းပြီး Zero Line မှာ ခိုအောင်းနေကြတဲ့ ARSA အဖွဲ့ကိုဝင်တိုက်တာ။ အပြန်အလှန်ပစ်ခတ်ရင်း  RSO ဘက်က တစ်ဦးသေသွားတယ်။ တဦးဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။ 

နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် အမှတ်  ၃၀ နဲ့  ၃၅ ကြားက တောင်ပြိုလက်ယာနဲ့ ကပ်နေတဲ့ Zero Line နေရာနားမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ARSA တပ်ဖွဲ့တွေက  Zero line ရှိ ဒုက္ခသည်နေအိမ်တွေကို မီးရှို့ပြီး ခြံစည်းရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

"ARSA တပ်ဖွဲတွေက မနက်ကတည်းက အဝိုင်းခံထားရတာ။ ညနေပိုင်း မိုးချုပ်တာနဲ့ ဝင်စီးခံရမှာကြောက်ပြီး ညနေ ၅ နာရီလောက်မှာ Zero line ကနေအိမ်တွေကိုမီးရှို့ပြီး  မီးလောင် တာနဲ့ လူတွေရှုတ်ရှုတ်သဲသဲဖြစ်နေချိန်မှာ ARSA တပ်ဖွဲ့တွေတွေက ခြံစည်းရိုးကိုကျော်ပြီး မြန်မာဘက်ကို ထွက်ပြေးသွားကြတာ။ အိမ်ခြေ ၃၀၀ ကျော်လောက်မီးလောင်သွားတယ်။ ပလတ်စတစ်နဲ့ ဆောက်ထားတဲ့အိမ်တွေဖြစ်တော့ ဘာမှယူလိုမရခဲ့ကြဘူး။ ARSA က ထွက်ပေါက်ရှာပြီးမီးရှို့ခဲ့ကြတာ"လို့ပြောပါတယ်။

မီးလောင်သွားတဲ့ Zero Line စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် ၃၀၀၀ လောက် နေထိုင်နေကြပြီး မီးရှို့ခံခဲ့ရတဲ့ နေအိမ် ၃၀၀ ထဲမှာ တချို့က မြန်မာပြည်တွင်းကို ခိုလှုံလာတာရှိသလို တချို့ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးကြတာတွေရှိတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ ရဲချုပ်တို့ရောက်ရှိနေချိန် အခုလို နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာလည်းဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေကို ခြိမ်းခြောက်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။ 

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)အဖွဲ့ဟာလည်း ရက္ခိုင်တပ်တော် (အေအေ) တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်ခြားမှတ်တိုင် ၄၀ နဲ့ ၄၅ စခန်းတွေကို သူတို့တပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်သလိုမျိုး ဖန်တီးထားတဲ့ ရုပ်သံဗီဒီယိုတွေကို မကြာသေးခင်က အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။

ARSA တပ်ဖွဲခေါင်းဆောာင် အာတာ အူလာနှင့် တပ်ဖွဲဝင်များ နယ်စပ်ခြံစည်းရိုးအားဖြတ်​ကျော်ပြီး မြန်မာဖက်သို့ထွ က်ပြေးလာခဲ့ကြရကြောင်း မျက်မြင်ဒုက္ခသည်များထံမှသိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လလောက်က ARSA  အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်လာတာကို အကြောင်းပြုပြီး  မြန်မာစစ်တပ်က နယ်မြေရှင်လင်းခဲ့တာကြောင့်  ရခိုင်ပြည်နယ်က မွတ်ဆလင်  ၆ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

PHOTO- TBS News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013