တရုတ်စစ်တပ်ဟာ ဇူလိုင် ၆ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှာ နျူကလီးယား ရေငုပ်သင်္ဘောပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။
ဒီဒုံးကျည်မှာ နမူနာပုံစံတူထိပ်ဖူး တပ်ဆင်ထားပြီး နိုင်ငံတကာရေပိုင်နက်ထဲကို ရည်ရွယ်ပစ်လွှတ်ခဲ့တာပါ။
ဒါဟာ နှစ်စဉ် ပုံမှန် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်ကိုမှ ရည်ရွယ်တာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းကတော့ ဒီလုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ ဝေဖန်ပါတယ်။
တရုတ်က ကြိုတင်အသိပေးခဲ့ပေမဲ့၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရုတ်ရဲ့ စစ်ရေးတိုးချဲ့မှုတွေကို စိုးရိမ်တယ်လို့ ဝေါင်းက ဖီဂျီနိုင်ငံမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်အစိုးရကလည်း ဒီစစ်ရေးလှုပ်ရှားမှုအပေါ် ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်းနဲ့ ပြန်လည်စဉ်းစားဖို့ တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။
ဇူလိုင် ၅ ရက်ကတည်းက တရုတ်ဘက်က ကြိုတင်အသိပေးခဲ့တာဖြစ်ပြီး၊ ဒုံးကျည်ဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်ပြင်ပကို ကျရောက်ခဲ့ပါတယ်။
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာစ်ကလည်း ဒီဖြစ်ရပ်ဟာ စိုးရိမ်စရာကောင်းပြီး လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။
ပစိဖိတ်တောင်ပိုင်းဒေသကို ဒုံးကျည်စမ်းသပ်တဲ့ နေရာအဖြစ် အသုံးပြုတာကို မလိုလားဘူးလို့ ပီတာစ်က ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစင်းကို ပစ်လွှတ်ခဲ့ပါသေးတယ်။
Source: Reuters










