DVB Logo
Home
မြန်မာသတင်း
ဆိပ်ကမ်းသာလမ်း ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်သူ ဖမ်းဆီးခံရ
DVB
·
January 17, 2023
ဆိပ်ကမ်းသာလမ်း ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်သူ ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅)ကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်ကိုင် အမျိုးသား တယောက် ဓားပြတိုက်ရာမှာ ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲက ကမ္ဘောဇဘဏ်ခွဲကို အမည်မသိ အမျိုးသားဟာ ဘဏ်အတွင်းသို့ဝင် ကာ သေနတ်နဲ့ဓားမြှောင်ပြပြီး ငွေကျပ် သိန်း ၂၀၀ နီးပါး ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

"သူ့ကို ဘဏ်လုံခြုံရေးက မဝင်ခိုင်းဘူး။ သူက ပိုက်ဆံအပ်ဖို့ ဆိုပြီး ပါလာတဲ့ပိုက်ဆံပြတော့ ဝင်ခွင့်ပြုလိုက်တာ။ အထဲရောက်မှ သေနတ်နဲ့ ဓားမြောင်ပြပြီး လုတာ သိန်း ၁၉၀ လောက် ပါသွားတယ်"

အဲဒီနောက် ဓားပြဟာ ငွေတွေကို ယူဆောင်ကာ ဘဏ်မှ ထွက်ပြေးစဥ် ဘဏ်ဝန်ထမ်းတွေနဲ့ အနီး ပတ်ဝန်းကျင်က လူတွေလိုက်ဖမ်းခဲ့ရာ ဘဏ်နဲ့ မနီးမဝေးမှာ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ဘဏ်ကလုံခြုံရေးတွေလည်းလိုက်၊  တရားရုံးကို တရားခံ လာပို့တဲ့ အချုပ်ကားက ရဲတွေ ပါလိုက်လို့ မိသွားတာ ငွေတွေ အကုန်ပြန်ရတယ်"

ပြစ်မှုကျူးလွန်သူမှာ ကိုသက်ပိုင်ကျော်ဖြစ်ပြီး ဂျာနယ်လိုက်လံပို့ဆောင်သူ တယောက်ဖြစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က လမ်းမတော်မြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ ၃၇ ကို ဓားပြ တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့လည်း ရဲအရာရှိ တဦးက ပြောပါတယ်။

"သူက ဂျာနယ်ပို့တာ။ ပြီးခဲ့တဲ့လကလည်း လမ်းမတော် ဧရာဝတီဘဏ်ခွဲက သိန်း တရာ လုတဲ့ အမှုလည်းရှိသေးတယ်"

လတ်တလောမှာ ပြစ်ကျူးလွန်သူကို ကျောက်တံတားမြို့မရဲစခန်းမှာ စစ်ဆေး နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013