DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုတွင် လူဦးရေ စာရင်းကောက်ခံသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
January 15, 2023
စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုတွင် လူဦးရေ စာရင်းကောက်ခံသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်၊ မြိုဦးရပ်ကွက်အတွင်းမှာ လူဦးရေစာရင်း လိုက်ကောက်တဲ့အဖွဲ့ ဇန်နဝါရီ ၁၅ ရက် မနက်ခင်း ၉ နာရီခွဲမှာ ပစ်ခတ်ခံရတယ်လို့ ပုလဲမြို့ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့ပေါ်မှာ ဇန်နဝါရီ ၁၄ ရက်က ရဲတွေ၊ စစ်သားတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ၆ ဦးပါအဖွဲ့က လူဦးရေ စာရင်းကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့ဒေသခံ ‌ဒေါင်းနက်ရဲခေါင်အဖွဲ့တပ်ရင်းမှူး ဆရာပေက “မနေ့က စပြီး ကောက်နေတာ။ ကောက်တဲ့သူတွေက မဲစာရင်းအတွက် အခုလို ကောက်ခံတာလို့လည်း ပြောတယ်။ ဒီနေ့ကြတော့ ပြည်သူကာကွယ်ရေးအဖွဲ့တွေက မြို့ထဲအထိ ဝင်ပစ်တာ။ ပစ်ခတ်ချိန်က ၁၀ မိနစ် လောက်ကြာတယ်။ သူတို့ဘက်ကတော့ အထိခိုက်ရှိမယ်။ အတိကျတော့ မပြောနိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်ကြီးကြီးမားမား မရှိခဲ့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ရာ စစ်ကိုင်းတိုင်းအတွင်းမှာ နည်းမျိုးစုံအသုံးပြုကာ လူဦးရေ စာရင်းကောက်ခံနေသလို မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက လည်း ကျေးရွာတွေကို မီးရှို့နေတာတွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီခွဲကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့နေရာကို ၆၀ မမ နဲ့ မဟာမိတ်အဖွဲ့များက ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဘက်က ၆၀ မမ နဲ့ ပစ်တာ ပစ်မှတ်ကို ထိတယ်။ သူတို့ အထိနာတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်တာတွေရှိတယ်။‌ ဘန်ကာထဲကျတဲ့ အလုံးမှာ စစ်ကောင်စီတပ်သား ၃ ယောက်သေတယ်လို့ သတင်းရတယ်။ ကျန်တဲ့ ကင်းပုန်းထဲ ကျတာတော့ တိတ်ကျကျမသိရဘူး။ နောက်ပြီး ကားလမ်းပေါ်က ပြည်သူခရီးသွားကားတွေကို စစ်ဆေးတာ လုပ်ကြတယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) မှ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်ပေမယ့် မဟာမိတ်အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာမရဘဲ မဟာမိတ်တပ်ပေါင်းစုရဲ့ ဒရုန်းတစီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU) ၊ Nway Oo Takhon PDF၊ Zarmini Revolution Force Myinmu/Myaung ၊ People's Knight Defense Force Myinmu(PKDF.MMU)၊ TAUNGTHA People  Defense Force(TTAPDF)၊ D.B.B.F.MMU စတဲ့ မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူလုထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲအားကျင်းပဖို့ ဆောင်ရွက်နေတဲ့ စစ်ကောင်စီကို သတိပေးတဲ့အနေနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က မုံရွာမြို့ နေရာ ၃ ခုကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ အထူးဒေသ တိုက်ခိုက်ရေးအဖွဲ့(SRAF) က ပြောပါတယ်။‌

“စစ်ကောင်စီတပ်တွေက အုပ်ချုပ်ရေးမှူးတွေ၊ သူတို့နောက်လိုက်တွေနဲ့ ပြည်သူလက်မခံတဲ့ အတုအယောင်ရွေးကောက်ပွဲကို လုပ်ဖို့ဆိုပြီး အလောတကြီး ကြိုးစားပမ်းစား ဆောင်ရွက်နေတာကို တွေ့နေရလို့ ကြောက်တတ်တဲ့ပြည်သူတွေ၊ နားမလည်တဲ့ပြည်သူတွေ အနိုင်ကျင့်ခံရမှာစိုးလို့ အခုလို သတိပေးတဲ့အနေနဲ့ လုပ်လိုက်တာ။ ပထမ သာစည်မီပွိုင့်အရင်ပစ်တာ၊ ဗိုလ်ချုပ်ကြေးရုပ်က ဒုတိယဗျ နောက်အပြန်မှာ ကျောက္ကာလမ်းမီးပွိုင့်အား လမ်းကြုံပစ်ခတ်ခဲ့သေးတယ်။ သူတို့ဘက်ကတော့ ၇ ယောက်သေတယ်။ ကျနော်တို့ဘက်ကတော့ စက်ချို့ယွင်းသွားလို့ ကားတစီးထားခဲ့ရတယ်” လို့  SRAF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်နာရွဲ့ဆွမ်က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Special Regional Attacks Forces-MWA အဖွဲ့က ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ကျောက္ကာလမ်း၊ သာစည်လမ်းတွေကို တင်းကျပ်စွာပိတ်ဆို့စစ်ဆေးနေပြီး ကင်းပုန်းတွေလည်း နေရာအစုံမှာ ချထားတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။ 

မုံရွာမြို့မှာ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013