DVB Logo
Home
မြန်မာသတင်း
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း အကြုံရန် ဖိတ်ခေါ်
DVB
·
May 28, 2014
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း အကြုံရန် ဖိတ်ခေါ်
Donate to DVB

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အများပြည်သူသိရှိဖို့အတွက် နိုင်ငံပိုင်သတင်းစာမှာ မနေ့ကဖော်ပြပြီး ဒီဥပဒေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ ပေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးလိုက်တဲ့  ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်က အခန်း ၇ ခန်းပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲပြီး အများပြည်သူသိရှိဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်တာပါ။

Myanmar Alinnဒီဥပဒေကြမ်းမှာ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံနဲ့အညီ ကိုးကွယ်ရာဘာသာကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတဲ့အကြောင်းနဲ့ ဘာသာကူးပြောင်းလိုသူတွေဟာ  သတ်မှတ်ထားတဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ဆီမှာ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူ ရှေ့နေ ဦးအောင်သိန်းကတော့  ဘာသာ ကူးပြောင်းချင်တဲ့သူတွေအနေနဲ့ အသက် ၁၈ နှစ် ပြည့်ရမယ်ဆိုတဲ့ ဒီဥပဒေပြါ ပြဋ္ဌာန်းချက်အပေါ် အခုလို ပြောပါတယ်။

“ပြောချင်တဲ့ ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ထောက်ပြထားတာတော့ မတွေ့ဘူး။ သူတို့ ဘာရည်ရွယ်ချက်လည်းဆိုတာ ဖော်လို့တော့ ရတယ်။ သို့သော်လည်း ၁၈ နှစ် ပြည့်တယ်ဆိုတာက လက်ထပ်ထိမ်းမြားခြင်း ဥပဒေထဲတော့ အကျုံးဝင်တယ်။ အဲဒါကို ဦးတည်ချက်ထားတဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဘာသာကိုးကွယ်မှုက မွေးကတည်းက သူသက်ဝင်ယုံကြည်လာပြီ၊ သက်ဝင်နားလည်လာတယ်ဆိုတဲ့ အနေအထားမျိုးတွေက ၁၈ နှစ်အထိတောင် သူ့ကို အချိန်ပေးနေမှာလား။ ၁၈ နှစ်မတိုင်မီကော သူ့ဆန္ဒအလျှောက် ဒီကလေးဟာ အဲဒီဘာသာတခုမှာ ရှိနေမယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ၁၈ နှစ်ပြည့်ပြီးမှ သူဘာသာကူးပြောင်းမှုကို ပြုလုပ်နိုင်မယ်ဆိုရင် ၁၈ နှစ် မပြည့်ခင်မှာ သူ့မိရိုးဖလာရဲ့ ဘာသာအပေါ်မှာပဲသူ တည်မီကိုးကွယ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့သဘော မသက်ရောက်နေဘူးလား။”

ဒါ့ပြင် ဘာသာကူးပြောင်းလိုသူက မှတ်ပုံတင်အဖွဲ့ဆီကို လာရောက်လျှောက်ထားပြီး ရက် ၉၀ မှ နောက်တကြိမ် ထပ်တွေ့မယ်ဆိုတဲ့အပေါ် ဒီကာလမှာ ဘယ်ဘာသာဝင်အဖြစ် သတ်မှတ်ထားမလဲလို့ ဦးအောင်သိန်းက မေးခွန်းထုတ်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်မောင်လေးကတော့ ဥပဒေကြမ်းအရ မှတ်ပုံတင်ရေးအဖွဲ့က ဘာသာကူးပြောင်းမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူတဲ့ ကိစ္စဟာလည်း   ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ထိပါးတာပဲလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒါက လူတယောက်ချင်းစီရဲ့ အခွင့်အရေး၊ လူတယောက်ချင်းစီရဲ့ ယုံကြည်မှု၊ လူတယောက်ချင်းစီရဲ့ ပြောင်းလဲပိုင်ခွင့်ပေါ့ဗျာ။ တသီးပုဂ္ဂလအခွင့်အရေးတွေလို့လည်း ပြောလို့ရပါတယ်။ ကျနော်ဘာသာ ကိုးကွယ်သည်ဆိုသည်မှာ ကျနော့်ဆုံးဖြတ်ချက်ပါပဲ၊ ကျနော့်ရဲ့ ယုံကြည်ချက်ပါပဲ။  ဘယ်ဘာသာဝင်ဖြစ်တယ်၊ ဘယ်ဘာသာဝင်ဖြစ်ကြောင်း၊ ဘယ်ဘာသာသို့ ကူးပြောင်းကြောင်းပေါ့ဗျာ … စသဖြင့် ဒီကိစ္စတွေဟာ ဥပဒေတွေနဲ့ ပြဋ္ဌာန်းတယ်ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့အမြင်အရ အထူးသဖြင့် လူ့အခွင့်အရေးအမြင် အရ သိပ်ဆီလျော်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။”

အစ္စလာမ်ဓမ္မဗိမာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်ကတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ဘာသာကူးပြောင်းမှုနဲ့ ပတ်သက်လို့ကတော့ လူ့အခွင့်အရေးမှာလည်း လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်ဆိုတာ ပြောထားပါတယ်။ ကျနော်တို့ အစ္စလာမ်သာသနာမှာလည်း လွတ်လွတ်လပ်လပ် ယုံကြည်ခွင့်ရှိတယ်ဆိုတာ အတိအကျ ပါပါတယ်။ သို့သော်လည်း ကမ္ဘာမှာလည်း ဒီဥပဒေမျိုးက သိပ်မရှိဘူးဗျ။ အဲဒီလို ဥပဒေတရပ် ပြဋ္ဌာန်းပြီး လုပ်ယူရတယ်ဆိုတာ အဆိုးနဲ့ အကျိုးကျေးဇူးကိုတော့ သုံးသပ်ကြည့်ဖို့ လိုအပ်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ ယုံကြည်ပါတယ်။”

ဒီဥပဒေမူကြမ်းမှာ ဘာသာသာသနာကို စော်ကားဖို့၊ အကြည်ညိုပျက်စေဖို့၊ ဖျက်ဆီးဖို့၊ အလွဲသုံးစားလုပ်ဖို့ အကြံနဲ့ ဘာသာကူးပြောင်းလျှောက်ထားတာ၊ ဘာသာပြောင်းဖို့ တစုံတယောက်ကို ကြွေးမြီနဲ့နှောင်ဖွဲ့တာ၊  သွေးဆောင် ခြိမ်းခြောက် အနိုင်အထက်ပြုတာနဲ့ ဘာသာကူးပြောင်းမှုကို ဟန့်တားပိတ်ပင်တာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူတွေထံက အကြံပြုချက်တွေ ရလိုတဲ့အကြောင်းနဲ့ အကြံပြုချက်တွေကို ဇွန် ၂၀  ရက်နေ့ မတိုင်ခင် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့ကြဖို့ သက်ဆိုင်ရာက ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013