
ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၄၈ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သန်လျင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၂ ဦးတို့ကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။
“အမိန့်ချတာ ၇၇ ယောက်၊ အဲ့ဒီ ၇၇ ယောက်ထဲမှာ ကလေး ၁၄ ယောက်ပါတယ်။ သူတို့ကိုတော့ ငှက်အော်စမ်းပို့မယ်နဲ့တူတယ်။”
အဆိုပါ ရိုဟင်ဂျာ ၇၇ ဦးဟာ ဇန်နဝါရီ ၂ ရက် ညပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မှ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းက နေအိမ်တအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ၁၆ ရပ်ကွက် တိုးကြောင်ကလေးဘူတာမှာ ရထားစီးဖို့ စောင့်နေတဲ့ ပွဲစားနှစ်ဦး၊ ရိုဟင်ဂျာ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်၊ တော်ဝင်လမ်း ဝိတိုရိယဆေးရုံအနီး လမ်းဘေးမှာလည်း ဇန်နဝါရီ ၃ ရက် ည ၇ နာရီလောက်က ရိုဟင်ဂျာအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းကလည်း ရွှေပြည်သာမြို့နယ် နှင်းပန်း ၁ လမ်းမှာ ရိုဟင်ဂျာအမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဇန်နဝါရီ ၁ ရက်မှ ၁၂ ရက်အတွင်း ရိုဟင်ဂျာ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၁၄၈ ဦး ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၃၂ ဦးတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။