
ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် အက်သလက်တီကိုအသင်းနဲ့ အာဆင်နယ်အသင်းတို့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားရာမှာ တဖက်တဂိုးစီနဲ့ သရေကျသွားပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး ဘောလုံးပိုင်ဆိုင်မှုသိပ်မကွာခဲ့ပေမဲ့ အိမ်ရှင်အက်သလက်တီကိုအသင်းက ဂိုးသွင်းခွင့်တွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲအစ ၄၄ မိနစ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာယောခရက်ကို တီကိုနောက်တန်းကစားသမား ဟန်ကို အနောက်ကနေ ဖျက်ထုတ်ခဲ့လို့ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့ပါတယ်။
အဲဒီပင်နယ်တီကို ယောခရက်ကပဲ ကန်သွင်းပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ လျှံထွက်လာတဲ့ ဘောလုံးကို နောက်ခံအစွန်လူ လော်ရန်တေး ကန်သွင်းရာမှာ အာဆင်နယ်ကစားသမားလက်နဲ့ ထိတဲ့အတွက် တီကိုအသင်း ပင်နယ်တီ ရခဲ့ပြီး အဲဒီပင်နယ်တီကို ဂျူလီယန် အဲဗရက်စ်က ကန်သွင်းယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ဘက်စလုံး ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂိုးသမားနဲ့ နောက်တန်းလူတွေ ကာကွယ်နိုင်ခဲ့သလို တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ ကန်သွင်းချက် ဂိုးဘားထိပြီး ပြန်ထွက်လာတာကြောင့် ပွဲအပြီးမှာ တဂိုးစီ သရေကျသွားပါတယ်။










