
အိမ်ဖြူတော် သတင်းထောက်များအသင်းရဲ့ ညစာစားပွဲမှာ ပစ်ခတ်ခဲ့သူ အသက် ၃၁ နှစ်အရွယ် ကိုးလ်တောမတ်စ်အလန်ဟာ တော်တော်ကို စိတ်ပုံမှန်မဟုတ်တဲ့သူ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သုံးသပ်ပါတယ်။
သူဟာ အရင်က ခရစ်ယာန်ယုံကြည်သူတယောက် ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ခရစ်ယာန်ဆန့်ကျင်သူ တယောက် ဖြစ်သွားတယ်လို့ ထရမ့်ပ်က ဆက်ပြောပါတယ်။
အလန်ရဲ့ ကြေညာစာတမ်းမှာတော့ သူ့ကိုယ်သူ ခင်မင်ဖော်ရွေတဲ့ ဖက်ဒရယ် လုပ်ကြံသတ်ဖြတ်သူလို့ သုံးနှုန်းထားပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထားဖို့ စီစဉ်ခဲ့တာပါ။
အဲဒီကြေညာစာတမ်းကို မပစ်ခတ်မီ သူ့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့ခဲ့ပြီး ဝါရှင်တန်ဟီလ်တန် ဟိုတယ်ရဲ့ လုံခြုံရေးအားနည်းမှုကိုလည်း လှောင်ပြောင်ထားပါတယ်။
ဒီဖြစ်စဉ်ကို အကြောင်းပြပြီးတော့ ဒေါ်လာ သန်း ၄၀၀ တန် “စစ်ဘက် ထိပ်တန်းလျှို့ဝှက်အဆင့်ရှိ” ခန်းမကြီး တည်ဆောက်ရေးကို အရှိန်မြှင့်ဖို့ ထရမ့်ပ်က တိုက်တွန်းခဲ့ပါတယ်။
တရားရေးအရ စိန်ခေါ်မှုတွေကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပေမဲ့ လုံခြုံရေးအတွက် ကျည်ကာစနစ်ပါတဲ့ ဒီအဆောက်အအုံ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။
သေနတ်သမားဟာ လော့စ်အိန်ဂျလိစ်ကနေ ဝါရှင်တန်ကို ရထားနဲ့ လာရောက်ခဲ့တာဖြစ်တယ်လို့ ယာယီရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ပြောပါတယ်။
သမ္မတနဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ အဓိကပစ်မှတ်တွေ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
သေနတ်သမားအလန်ကတော့ ဖက်ဒရယ်အရာရှိတယောက်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သေနတ်ပစ်ဖောက်မှုနဲ့ လုပ်ကြံရန် ကြိုးပမ်းမှုတွေနဲ့ တရားစွဲဆိုခံရဖို့ ရှိနေပါတယ်။
ဖမ်းဆီးခံရချိန်မှာ အလန် ဆီကနေ ပြောင်းချော သေနတ် တလက်၊ အတိုတလက်နဲ့ ဓားတွေ သိမ်းဆည်းရမိတယ်လို့ ဝါရှင်တန် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
Source: Reuters










