Home
မြန်မာသတင်း
အင်းလေးတွင် တိုက်ပွဲဖြစ်ပြီးနောက် ခရီးသွားများ ခရီးစဉ်အချို့ ဖျက်သိမ်း
DVB
·
January 8, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ၊ အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (IPDF)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) တွေနဲ့ စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် အင်းလေး ဒေသကို လာရောက်ကြမယ့် ပြည်တွင်းခရီးသွားတချို့ဟာ ခရီးစဉ်တချို့ ရက်ရွှေ့ဆိုင်းတာ၊ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာတွေ ပြုလုပ်ခဲ့ပြီး အင်းလေး၊ ညောင်ရွှေတဝိုက်မှာလည်း စစ်ဆေးရေးတွေ ပိုမို တင်းကျပ်နေတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အင်းလေးဒေသ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက "ခရီးသွားက ပုံမှန်ထက် ပါးသွားတယ်။  Cancel လုပ်တာတွေ ရှိတယ်။ တချို့ကျ တိုက်ပွဲရှိတယ်ဆိုတော့ မလာရဲကြတော့ဘူး။ ပုံမှန် ၅ ဖွဲ့ဆို ၃ ဖွဲ့လောက်တော့ cancel  လုပ်သွားတယ်။ အခု လက်ရှိ ညောင်ရွှေ အနေအထားကတော့ စစ်ဆေးရေးတွေ အရမ်းများနေတာပေါ့။ ကျန်တာတော့ တချို့ ခရီးစဉ် Cancel လုပ်မရတဲ့သူတွေတော့ လာကြတယ်။ ညပိုင်းဆို ၇ နာရီ၊ ၈ နာရီ လောက်ဆို ဘာမှ မရှိတော့ဘဲ ရှင်းလင်းနေတာပေါ့။ စစ်ဆေးရေး ဂိတ်ကတော့ အနောက်ဘက် လမ်းတွေ အကုန်ပိတ်ထားတယ်။ ၃ ရက်လောက် ပိတ်တယ် ပြောတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်ကာလကတည်းက ၂ နှစ်ကျော်ကြာ ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကစလို့ ပြည်တွင်းခရီးသွား အနည်းငယ် တက်လာခဲ့ပေမယ့် ပြည်ပ ခရီးသွား ဝင်ရောက်မှုကတော့ မရှိသလောက် နည်းပါးတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ပိတ်ရက်ကာလတွေအတွင်း ပြည်တွင်း ခရီးသွားတွေဟာ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင် စတဲ့နေရာတွေနဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး-အင်းလေး-ကလော ဒေသတွေကို သွားရောက် လည်ပတ်မှုတွေ ရှိခဲ့ပါတယ်။

အင်းလေဒေသ တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း အင်းလေးကန် အ‌နောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းက ကုန်းလမ်းတွေမှာ စစ်ဆေးရေးတွေ တင်းကျပ်နေသလို ရေလမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံ စက်လှေသမားတွေက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ပြန်လည် ဦမော့လာဖို့ဆိုရင် ပြည်တွင်းက ဒေသတွေ နယ်မြေတည်ငြိမ် အေးချမ်းလာဖို့ ပိုအရေးကြီးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက "ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာဖို့ဆို ပြည်တွင်းဒေသတွေကို တည်ငြိမ်အောင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ အခုလည်း သေချာတာက လက်ရှိ တည်ငြိမ်နေတဲ့ နေရာတွေကိုပဲ ပြည်တွင်း ခရီးသွားတွေ သွားတယ်။ ပြည်တွင်းမှာ ခရီးသွားဖို့အတွက် တည်ငြိမ်နေတယ်ဆိုရင် ဘာမှ ကြေညာနေစရာ မလိုပါဘူး။ နဂိုရှိခဲ့တဲ့ အရှိန်ကို မှီပြီးတော့ ခရီးသွားလုပ်ငန်းက ပြန်လည်လာမှာပဲ။ လည်ပတ်လာမှာပေါ့။ ဒါကြောင့် ဒေသတွင်း တည်ငြိမ်မှုကို ရချင်တာပေါ့။ ဒေသတွင်း တည်ငြိမ်မှု ရလာဖို့ ခရီးသွားလုပ်ငန်းက သူ့ဘာသူ ဘယ်သူကမှ ဆွဲခေါ်စရာ မလိုဘဲ အရှိန်အဟုန်နဲ့ ပြန်လည်ပတ်လာမှာပါ"လို့ ပြောပါတယ်။

စာရင်းဇယားတွေအရ ကိုဗစ်ကာလ မတိုင်ခင် မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွား အရေအတွက် တနှစ်ကို ၇ သန်းဝန်းကျင်ရှိခဲ့ပြီး စာရင်းမကောက်ထားသူတွေပါ ပါရင် ၁၀ သန်းလောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။ 

ကိုဗစ် မတိုင်ခင် ပြည်တွင်းခရီးသွား အရေအတွက် ပြန်ရောက်ဖို့ လက်ရှိ နိုင်ငံရေး အခြေအနေအရ ခက်ခဲပြီး၊ ၂၀၂၂ ခုနှစ်အတွင်းမှာ ပြည်တွင်း ခရီးသွား ၁၀ ရာခိုင်နှုန်းလောက်ပဲ တက်လာခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေး တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက် ကျဆုံးပြီး ဘုန်းကြီးတစ်ပါး အပါအဝင် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ကို လက်နက်ခဲယမ်းတွေနဲ့ အတူဖမ်းဆီရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024