
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇန်နဝါရီ ၆ ရက်နေ့က တညတည်း နေအိမ်နှစ်လုံး ဓားပြတိုက်ခံခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့အမှတ် ၁၃၊ ငြိမ်းချမ်းရေးလမ်းက နေအိမ်ကို ဇန်နဝါရီ ၁၅ ရက်နေ့ည ၁၂ နာရီဝန်းကျင်လောက် သေနတ်ကိုင် ငါးဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ငါးယောက်ကို ကားတစ်စီး နဲ့ လာချသွားတာကို မြင်တဲ့သူရှိတယ်၊ သေနတ်ကဖောက်သွားသေးတာတဲ့။ PDF တွေသာဆို အဲလိုကျည်ဖြုန်းမှာမဟုတ်ဘူး၊ အခုလို ကာလကြီး ဆိုင်ကယ်ကော စက်ဘီးကောယူသွားတာဆိုတော့ အဲ့ချိန်က ဆိုင်ကယ်လည်း စီးလို့မရဘူး" လို့မြို့ခံတဦးက ပြောပါတယ်။
သေနတ်ကိုင်ဆောင်ထားသူ ငါးယောက်က ဆိုင်ကယ်ဘတ္ထရီဘီးတစီး၊ စက်ဘီးတစီး နဲ့ ငွေကျပ် ဆယ်သိန်းကျော်ဖိုး ယူဆောင်သွားတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့အမှတ် ၁၅၊ အောင်သပြေ ၃ လမ်းက နေအိမ်ကိုလည်း သေနတ်ကိုင်ဆောင်ထားသူ ၅ ယောက်က ဇန်နဝါရီ ၆ ရက်နေ့မနက် ၂ နာရီဝန်းကျင်က ဝင်ရောက်ဓားပြတိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ဓားပြတဦးကို အသေဖမ်းဆီးရမိသွားပြီး ပြည်သူနှစ်ဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။
ငွေကျပ် ၇ သိန်း၊ ၁ မတ်သားခန့် ရွှေနားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၄ လုံးကို ဓားပြတိုက်သူတွေယူဆောင်သွားတယ်လို့ သိရပါတယ်။
ပခုက္ကူမြို့ပေါ်မှာ ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး ဓားပြတိုက်ခံရမှု ၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မြိုင်လမ်းဘေးက ဆိုင်တွေလည်း မကြာခဏဖောက်ထွင်းခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။