DVB Logo
Home
မြန်မာသတင်း
ဥပဒေလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်ကို သတိပေး
DVB
·
May 26, 2014
ဥပဒေလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်ကို သတိပေး
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့   ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောချက်တွေဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်လွန်နေတဲ့အတွက်  အခြေခံဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို  လိုက်နာဆောင်ရွက်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်ပါတယ်။

10361414_704023782969458_2610047576183172579_nမေ ၁၅ ရက်နေ့ မန္တလေး အောင်ပင်လယ်ကွင်း လူထုဟောပြောပွဲမှာ “လွှတ်တော်တွင်း ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို အာဏာအခွင့်အရေး မက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာ တနည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျမ စိန်ခေါ်ပါတယ်” ဆိုတဲ့ စကားနဲ့ ပတ်သက်တဲ့ ဟောပြောချက်တွေကို  ရွေးကောက်ပွဲကော်မရှင်က မေ ၂၂ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး စာထုတ်သတိပေးလိုက်ပါ။

ပါတီတည်ထောင်လိုကြာင်း လျှောက်ထားသူ ၂၁ ဦးမှာ  တဦးအပါအ၀င်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စောင့်ထိန်း လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံ လက်မှတ်ရေးထားတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တာနဲ့အညီ လွှတ်တော်ရှေ့မှောက်မှာလည်း ဖွဲ့စည်းပုံကို လေးစားလိုက်နာပါမည်လို့ ကတိသစ္စာပြုထားသူဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်ကတော့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ဟာ ဥပဒေနဲ့ ငြိစွန်းမှုမရှိသလို အခြေခံဥပဒေကို ချိုးဖောက်တာမရှိဘူးလို့ ပြောပါတယ်။

“နဂိုလုပ်ကတည်းက ဥပဒေသမားတွေနဲ့ တိုင်ပင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲက ကျနော်တို့လုပ်တာ။ လုပ်နည်းလုပ်ဟန်ကလည်း တိုင်းပြည်တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်အောင် လုပ်တာ။ လူထုကို လမ်းပေါ်ဆွဲပြီး လုပ်တာမဟုတ်ဘူး။ တည်ဆဲဥပဒေနဲ့အညီ လျှောက်တယ်။ ဟောပြောမယ့်သူတွေစာရင်းတွေ ပေးတယ်။ သတ်မှတ်တဲ့နေရာ ခွင့်ပြုချက်ယူတယ်။ ပြီးတော့မှ တစုတဝေးတည်း အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ပြောဆိုတာ။ ဆူဆူပူပူဖြစ်အောင် လုပ်တဲ့အလုပ်လည်း မဟုတ်ဘူး။ ကျနော်တို့လုပ်တာ ဥပဒေနဲ့ညီတဲ့အတွက် မူလအစီအစဉ်အတိုင်း ဆက်လုပ်သွားမှာပဲ။”

ရွေးကောက်ပွဲကော်မရှင်ကတော့   ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ရှင်းလင်း ဆွေးနွေးပွဲတွေပြုလုပ်ရာမှာ ပါတီအနေနဲ့ ဖြစ်စေ၊ ပါတီဝင် တဦးချင်းအနေနဲ့ ဖြစ်စေ ၀န်ခံလတ်မှတ်ရေးထိုး ကတိသစ္စာ ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာဖို့ တာဝန်နဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဆွေးနွေးဟောပြောမှုတွေ ဖြစ်စေဖို့ တာဝန်ကို  သတိပြုဆောင်ရွက်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး လေ့လာသုံးသပ်မှုတွေ ပြုလုပ်ခဲ့သလို ကော်မတီက တင်သွင်တဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်ထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းကာ လွှတ်တော်အတွင်းမှာ ဥပဒေနဲ့ အညီ ပြင်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း စာမှာ ရေးသားထားပါတယ်။

မေလအတွင်းမှာ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်တဲ့ လူထုဟောပြောပွဲတွေကို ရန်ကုန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မေလ ၁၈ မှာ မန္တလေး၊ ဧရာဝတီတိုင်း၊ ဟင်္သာတတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အလားတူ လူထု ဟောပြောပွဲတွေကို တနိုင်ငံလုံးအနှံ့ ဆက်လက်ပြုလုပ်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013