DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်များအတွက် စာသင်ကျောင်းများ ထပ်မံဖွင့်လှစ်မည်
DVB
·
January 6, 2023
စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်များအတွက် စာသင်ကျောင်းများ ထပ်မံဖွင့်လှစ်မည်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း အညာဒေသရှိ စစ်ဘေးနဲ့ မီးဘေးသင့် ကလေးတွေအတွက် စစ်ရှောင်စာသင်ကျောင်းတွေကို  S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးစောင့်ရှောက်မှုအဖွဲ့က ဦးစီးပြီး ထပ်မံဖွင့်လှစ်ပေးဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စာသင်ကျောင်း ၂ ကျောင်း ဖွင့်လှစ်ထားခဲ့ပြီး ဇန်နဝါရီလထဲမှာ စစ်ကိုင်းတိုင်းတွင်း စာသင်ကျောင်း ၆ ကျောင်း ထပ်မံဖွင့်လှစ်ဖို့ စတင်အကောင်အထည်ဖော်နေပြီလို့ S&C မှ တာဝန်ရှိသူက ပြောပါတယ်။

“ကလေးတွေ ကျောင်းမတက်ရတာက ၂ နှစ်နီးပါး ရှိပါပြီ။ သူတို့တွေ အရမ်း ကျောင်းတတ်ချင်နေကြတာ။ မြေပြင်မှာ မိဘတွေက ကလေးကျောင်းသုံးပစ္စည်း လေးတွေတောင် ဝယ်မပေးနိုင်ကြတော့ဘူး။ သူတို့မှာလည်း နေအိမ်တွေ မီးရှို့ခံထားရတော့ အရာရာက ခက်ခဲနေကြတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကလေးတွေ သင်ယူနိုင်မှု စွမ်းအားက အရမ်းကောင်းပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းရှိ မြို့နယ်တချို့မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ စစ်ကျွန်ပညာရေးကို တားဆီးပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ထားပါတယ်။

S&C မှ တာဝန်ရှိသူက “တချို့ ငွေကြေးတတ်နိုင်သူကတော့ ဆရာတွေ ငွေပေးပြီး အိမ်မှာသင်ကြတယ်။ တချို့ကတော့ ဘာမှကို မသင်ကြားရတာ။ ခု မြေပြင်မှာ ဖြစ်နေတာက တချို့​ကျောင်းတွေမှာ ကျောင်းက ပိုက်ဆံကောက်တယ်။ ဆရာမတွေလည်း အပြစ်ပြောလို့မရဘူး။ သူတို့မှာက ဆိုင်ကယ်ဆီဖိုး ဖုန်းဘေဖိုးလေးတွေ ရှိသေးတယ်။ ကျောင်းသားမိဘဘက်က ပြန်တွက်ရင်လည်း သူတို့တောင် စစ်ဘေးသင့်နေရတာ။ ကျောင်းလခမပြောနဲ့ ခုလို ကျောင်းသုံးပစ္စည်းတွေတောင် မဝယ်ပေးနိုင်ရှာဘူး။ ကျောင်းသားလေးတယောက်ဆို သူ့မိဘက ကျောင်းမထားနိုင်တော့ ကျောင်းအဝင်ဝလေးမှာ ထိုင်ငိုနေတာဗျာ၊ မျက်ရည်တောင်ကျမိပါတယ်။ ကလေးကို မိဘက ရိုက်ပြီး ခေါ်ပြန်နေတာ။ ကျနော်လည်း မနေနိုင်လို့ မေးကြည့်တော့ ဘယ်လိုအဆင်မပြေလို့လဲပေါ့၊ မေးကြည့်တော့ စစ်ဘေးသင့်ထားလို့ ဘာမှကို သူ​တို့မှာ အဆင်မပြေတဲ့အ​ကြောင်း၊ သူက​တော့ ထားချင်တယ်၊ ဆရာမတွေကောက်တဲ့ ၁ လ ၅,၀၀၀ မပေးနိုင်တာရယ် စာအုပ်ဖိုးတောင် မတတ်နိုင်တာရယ်ကြောင့်တဲ့။ အခု ကျနော်ဖွင့်တဲ့ကျောင်းမှာ သူ့အတွက် တာဝန်ယူပေးခဲ့တယ်” လို့ ဒီဗွီကို ပြောပါတယ်။

S&C က စစ်ကိုင်းတိုင်းအတွင်း ၂ ကျောင်းမြောက် စာသင်ကျောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်းမှာ ကျောင်းသားကျောင်းသူဦးရေ ၁၄၀ နဲ့ သူငယ်တန်းမှ ၄ တန်းအထိ ဆရာ၊ ဆရာမ ၉ ဦးက သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

S&C မှ တာဝန်ရှိသူက “ဒီလထဲမှာ စာသင်ကျောင်း ၆ ကျောင်းလုံး ဖွင့်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖွင့်ဖို့အတွက်လည်း စီစဥ်နေပါတယ်။ ခုထိ ရည်မှန်းထားတာထက် ပြည့်မီဖို့ အလှူရှင်တွေ လိုအပ်နေသေးလို့ ကလေးတွေရဲ့ ပညာရေးအတွက် ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။”လို့ ပြောပါတယ်။

ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေ၊ အဝတ်အစားနဲ့ ဆရာ၊ ဆရာမတွေအတွက် လစာတွေကိုပါ တာဝန်ယူ ထောက်ပံ့ပေးသွားမယ်လို့ S&C က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013