DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု တရုတ်သံရုံး ထုတ်ပြန်
DVB
·
January 6, 2023
မူဆယ်နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု တရုတ်သံရုံး ထုတ်ပြန်
Donate to DVB

တရုတ်နိုင်ငံတွင်း ကိုဗစ်-၁၉ရောဂါနဲ့ လူအသေအပျောက်များနေချိန် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အဓိက အရေးပါတဲ့ မူဆယ်နယ်စပ်ရှိ မန့်ဝိန်း၊ နန်းတော်၊ ဆင်ဖြူဂိတ်တွေကို ပြန်လည်ဖွင့်လှစ်မယ်လို့ တရုတ်သံရုံးက ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက်ကစပြီး တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်း သုံးခုမှ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ပြည်ဝင်ပြည်ထွက် ကုန်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေက မန့်ဝိန်း ကုန်သွယ်ရေးဂိတ်ကနေ ဝင်ထွက်ရမှာဖြစ်ကာ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲကနေ ည ၉ နာရီခွဲ အထိ ဝင်ထွက်ခွင့်ပြုမယ်လို့ အဲဒီ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရဝန်ထမ်းတွေလိုက်ပါတဲ့ ယာဉ်တွေဆိုရင်တော့ နန်းတော် (အလယ်ပေါက်) ဂိတ်ကနေ ဝင်ထွက်ရမှာဖြစ်ပြီး တခြားလူတွေ၊ အိမ်စီးကား ယာဉ်ငယ်တွေ၊ ဆိုင်ကယ်တွေ၊ ဘက်ထရီဆိုင်ကယ်တွေကတော့ ဆင်ဖြူပေါက်ဂိတ်ကနေ ဝင်ထွက်ရမှာဖြစ်ကာ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲကနေ ည ၈ နာရီ အထိ ဝင်ထွက်လို့ရမယ်လို့ ပါရှိပါတယ်။

ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ရှိသူတဦးက “Confirm မဖြစ်ဘူးနော်။ ဖွင့်ရင်လည်း ဖွင့်မှာ။ ဘာမှ တရားဝင်ပြောလာခြင်းလည်း မရှိသေးဘူးလေ။ ညှိနှိုင်းတာပဲ ရှိသေးတာ။ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတာ ဟုတ်တယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ။ သူတို့က ကြိုက်ရင်တော့ ကောက်ကာငင်ကာ ဖွင့်မှာပဲ။ မကြိုက်ရင်တော့ သိတဲ့အတိုင်းပဲ။ အရင်တုန်းက အဲလိုဖြစ်ဖူးတယ်လေ။ မနက်ဖြန်ဖွင့်မယ်ဆိုတော့ ကြိုတင် ပြင်ဆင်ပြီးတော့ ည ၈ နာရီကျတော့ မဖွင့်နိုင်ဘူးဆိုတာ လာတယ်လေ။ ဖွင့်မှပဲ ပြောလို့ရမှာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ မူဆယ်-ရွှေလီ နယ်စပ် မန့်ဝိန်းဂိတ်နဲ့ နန်းတော်၊ ဆင်ဖြူဂိတ်တွေကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ တရုတ်ဘက်က ကမ်းလှမ်းလာလို့ ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ညှိနေတုန်းလို့ ပြောတယ်။ မြန်မာဘက်ခြမ်းက သဘောမတူသေးဘူး” လို့ မြန်မာ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကုန်တင်ယာဉ် အဝင်၊ အထွက် လုပ်ရာမှာ ယာဉ်ပေါ်ပါ ယာဉ်မောင်း ၁ ဦးသာ ဝင်ထွက်ခွင့်ရှိပြီး ရွှေလီမြို့အထိ ဝင်ထွက်သွားလာခွင့်ရှိကြောင်းနဲ့ တရုတ်ဘက်ထဲ ဝင်ထွက်ရာမှာ Face Mask တပ်ဆင်ဖို့ လိုအပ်ပြီး ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက် အထောက်အထား တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လူအဝင်အထွက်ကို Temporary Border Pass – TBP နဲ့ ဝင်ခွင့်မပြုကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား (MoU) နားလည်မှုစာချွန်လွှာ ရေးထိုးထားရာမှာ ခွင့်ပြုထားတဲ့ နိုင်ငံကူးလက်မှတ် စာအုပ်အနီ ကိုင်ဆောင်ထားသူတွေကိုသာ ဝင်ရောက်ခွင့် ပြုသွားမှာဖြစ်ကြောင်း ဆွေးနွေးချက်မှာပါကြောင်း သိရပါတယ်။

တရုတ်ဘက်ထဲ စတင်ဝင်ရောက်ချိန် ကိုယ်အပူချိန် မြင့်တက်ခြင်း ရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး ပိုးတွေ့ရှိပါက သတ်မှတ်ထားတဲ့နေရာမှာ ကွာရန်တင်းဝင်ရောက် ဆေးကုသမှု ခံယူရမှာဖြစ်ကြောင်း၊ ဆေးစစ်ခကောက်ခံတာ မရှိပေမဲ့ ရောဂါပိုးတွေ့ရှိပြီး ကွာရန်တင်း ဝင်ရပါက နေထိုင်စားသောက်စရိတ် မိမိအစီအစဉ်နဲ့ ကျခံရမှာဖြစ်ကြောင်းလည်း ဆွေးနွေးချက်မှာ ပါတယ်လို့ ဆိုပါတယ်။

ကုန်သည်လုပ်ငန်းရှင်တွေကတော့ ဂိတ်တွေကို အမြန်ဆုံး ဖွင့်စေချင်တာဖြစ်ပြီး တရုတ်ဘက်က တရားဝင် ထုတ်ပြန်စာတွေ ထွက်လာပေမဲ့ မယုံရဲဘူးလို့ ဆိုပါတယ်။

ရွှေလီမှာနေထိုင်တဲ့ မြန်မာကုန်သည်တဦးက “တရုတ်ဘက်က သူတို့ဘာသာ ဂိတ်ဖွင့်ဖို့ အရမ်း ကြေညာနေတယ်။ ခဏခဏ ကြေညာနေတာ။ ဒီဇင်ဘာလကတည်းက။ ဒါပေမဲ့ မြန်မာဘက် ပြန်မေးတော့ မဖွင့်ဘူးလို့ ပြောတယ်။ ဘယ်လိုလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်နေ့မှာ ကိုဗစ်အကြောင်းပြချက်နဲ့ တရုတ်ဘက်က ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ နယ်စပ်ဂိတ် ပိတ်လိုက်တာကြောင့် မြန်မာကုန်တင်ကား ၅,၀၀၀ ကျော် ပိတ်မိသွားခဲ့ပြီး ကုန်သည်တွေ များစွာ ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရာဂိတ်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကိုလည်း ကိုဗစ်ဖြစ်ပွားချိန် တရုတ်ဘက်က စတင်ပိတ်ခဲ့ကာ ဆင်ဖြူဂိတ်၊ နန်းတော်ပေါက်၊ မန့်ဟီးရိုးဂိတ်၊ ကျင်စန်းကျော့-ဝမ်တိန်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်တွေ အားလုံးကနေ နှစ်နိုင်ငံ လူအဝင်အထွက်ကို ၂၀၂၀ ဧပြီလဆန်းကတည်းက အကန့်အသတ် မရှိ ပိတ်လိုက်တာပါ။

ကိုဗစ်ကာလ တရုတ်ဘက်က လူနေရပ်ကွက်ကနေ မော်တော်ယာဉ်တွေ ဖြတ်သွားလာရလို့ ဆိုပြီး အဓိက ကုန်သွယ်မှုလမ်းကြောင်းကို ကျင်စန်းကျော့ဘက် ရွှေ့ပြောင်းလိုကြောင်း၊ ကျင်စန်းကျော့ဘက်လည်း လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပြီး ထားတာကြောင့် ကုန်သွယ်မှုလမ်းကြောင်းအသစ်အနေဖြင့် ပိုပြီးသင့်လျော်တာကြောင့် ကျင်စန်းကျော့ဘက်ပြောင်းပြီး ကုန်သွယ်မှုပြုလိုကြောင်း တရုတ်ဘက်က တောင်းဆိုလို့ မြန်မာဘက်အနေနဲ့ ပုံမှန်ဆောင်ရွက်နေတဲ့ မန်ဝိန်း၊ ဆင်ဖြူ၊ နန်းတော်ဂိတ်တွေကို ပိတ်ပြီး ကျင်စန်းကျော့ဂိတ်မှ ကုန်သွယ်မှုပြုခဲ့ရကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်က တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ နောင်တမ-နောင်တောင်း၊ မုံးကိုး-မန်ဟိုင်း၊ မန့်ဝိန်းကြီး-လေရှီး စတဲ့ နယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံဘက်က ကြံ၊ မီးသွေးနဲ့ တခြားကုန်ပစ္စည်းတွေ ဝယ်ယူနေတာဖြစ်ပါတယ်။

မူဆယ်၊ မန့်ဝိန်း-ကျယ်ဂေါင် ဂိတ်ပေါက်ကနေ မြန်မာဘက်က စိုက်ပျိုးရေးထွက်ကုန်တွေ ဖြစ်တဲ့ ကြံ အပါအဝင် ကုန်ခြောက်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ၊ နှမ်း အပြင် တခြားကုန်တွေလည်း တင်ပို့ပြီး တရုတ်ဘက်က ကုန်မျိုးစုံတင်သွင်းကာ မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ် (အလယ်ပေါက်) နဲ့ ဆင်ဖြူပေါက်တွေကနေတော့ နှစ်နိုင်ငံလူဝင်လူထွက် အထိကထား ဝင်ထွက်သွားလာပြီး တနိုင်တပိုင်ကုန်တွေ အနည်းအကျဉ်း သယ်ယူခွင့်ပြုတာ ဖြစ်ပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013