DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးများ ရက်အကန့်အသတ်မရှိ ပိတ်
DVB
·
January 2, 2023
စစ်ကောင်စီက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးများ ရက်အကန့်အသတ်မရှိ ပိတ်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကနေ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စာအုပ်) ပြုလုပ်ပေးတာကို ကြိုတင်မကြေညာဘဲ ဇန်နဝါရီ ၂ ရက်နေ့မှာ ပိတ်လိုက်ပါတယ်။

တနိုင်ငံလုံးက ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးတွေ အကုန်လုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

အခုလိုမျိုး ပတ်စ်ပို့ရုံးတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာကြောင့် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေသူတွေ၊ ပတ်စ်ပို့စာအုပ် လျှောက်ထားသူတွေ၊ အွန်လိုင်း ဘိုကင်စနစ်ကနေ QR နံပါတ် ရထားပြီးသားသူတွေ အခက်အခဲဖြစ်ကုန်တယ်လို့ ပတ်စ်ပို့ပြုလုပ်နေသူတယောက်က ပြောပါတယ်။

“အခုလို ကြိုတင်ကြေညာခြင်းမရှိဘဲ သူတို့က ရုံးကို ပိတ်လိုက်တဲ့အတွက် အများကြီး နစ်နာတယ်။ ဘာလို့လဲဆိုတော QR code တခုရဖို့အတွက် ကျနော်တို့က လတွေအများကြီး ကြိုးစားပြီးတော့ ဒီဟာကို ခက်ခက်ခဲခဲ ယူထားရတာပေါ့။ ဒီနေ့မနက် QR code က ရက်ချိန်းပြည့်လို့ စာအုပ်သွားလုပ်မယ်လို့ သွားတဲ့အခါ ရုံးပိတ်တယ်လို့ သိရတယ်။ ပြန်ခိုင်းတာပေါ့။ ပြီးတော့ ဘယ်တော့ ဘယ်တော့ ပြန်ဖွင့်မယ်၊ ဘယ်လို ပြန်လုပ်ပေးမယ်ဆိုတာ ရက်အတိအကျ မသိရဘူး။ ဝက်ဘ်ဆိုက်ကနေပြီးတော့ပဲ ကြေညာပေးမယ်လို့ ပြောတာပဲ။ စာအုပ်ထုတ်ပေးတာလည်း ရပ်ထားတယ်။ QR code တွေလည်း ရပ်ထားတယ်။ လုံးဝ ပတ်စ်ပို့နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ရပ်ထားတယ်ဆိုတာ သိရတယ်။ ဘာကြောင့်ရပ်ထားတယ်၊ ဘယ်ချိန်ပြန်ရမယ်ဆိုတာ မသိရတော့ အမှန်ပြောမယ်ဆိုရင် အကုန် ဒုက္ခရောက်ကုန်တာပေါ့” လို့ ပတ်စ်ပို့ ပြုလုပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပတ်စ်ပို့လျှောက်တဲ့သူတွေဟာ အရင် အွန်လိုင်းကနေ ဘွတ်ကင်စနစ်နဲ့ ရန်ကုန်ရုံးမှာ လျှောက်ရတာဖြစ်ပေမဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာတော့ ဘွတ်ကင်စနစ်ကို နားလိုက်ပြီး Booking QR code ရရှိထားပြီးသူတွေကိုသာ ဆက်လက်လုပ်ဆောင်ပေးမယ်လို့ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးက နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရုံးတွင်း နည်းပညာစနစ်အသစ် မြှင့်တင်နေတာကြောင့် ပတ်စ်ပို့ရုံးတွေကို ပိတ်ထားရတာလို့ ဆိုပါတယ်။ ပတ်စ်ပို့ပြုလုပ်ပေးသူ ပွဲစားတွေက အချိန် ၂ ပတ်လောက် ပိတ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး ပတ်စ်ပို့အသစ် လုပ်ဆောင်ပေးတာတွေကို ဖေဖော်ဝါရီလအတွင်းမှာ ပြန်စနိုင်ဖို့ မျှော်လင့်နေပါတယ်။

ရန်ကုန်မြို့မှ ပတ်စ်ပို့ပွဲစားတဦးက “အားလုံးပိတ်တာ၊ စာအုပ်လည်း ထုတ်မပေးဘူး။ QR ရပြီးသားလည်း ဘာမှ အတင်မခံဘူး။ ဘယ်တော့ပြန်ဖွင့်မလဲ မပြောဘူး။ နားစွင့်ထားပါပဲ ပြောတယ်။ ကျမတို့ ပိုက်ဆံပေးပြီး လိုင်းကြေးနဲ့ဝင်ရင်လည်း မရဘူး။ လုံးဝကို ပိတ်ထားတာ။ ဟိုတုန်းက လုပ်ပေးတယ်။ ရဲတွေနဲ့ပေါင်းပြီး ၄ သိန်းဆို ၄ သိန်း၊ ၆ သိန်းဆို ၆ သိန်း၊ ၁၀ သိန်းဆို ၁၀ သိန်း၊ အခုက လုံးဝ လုပ်လို့မရလို့ ကျမတို့လည်း ပိတ်ထားတယ်။ အခုတော့ ပိတ်ထားတယ်။ စျေးက ပြောလို့မရဘူး။ ပေါက်စျေးအတိုင်းပဲ။ သူတို့ယူတဲ့ ယူစျေးအတိုင်းကို ကျမတို့က ဝန်ဆောင်ခ ၂ သောင်း၊ ၃သောင်းပေါင်းပြီး တောင်းတာ။ အရင်တုန်းက ၄ သိန်း၊ (အပြီးအစီး) ၁၀ ရက်ကြာရင် စာအုပ်ထုတ်ပေးတယ်။ PV ပဲ ယူယူ၊ PJ ပဲ ယူယူ၊ တန်းစီစရာ မလိုဘူး။ ဒီဇင်ဘာ၊ ဇန်နဝါရီက သူတို့ကိုယ်တိုင်က ဘယ်လိုင်းမှ ဘယ်ဟာမှ ဝင်မရအောင် သူတို့ ပိတ်ထားလိုက်ပြီ။ ရုံးမဖွင့်ဘဲ ဘာမှလုပ်လို့ မရဘူး။ ၁၀ သိန်းပေးလည်း မရဘူး” လို့ ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းခင် ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၄ သောင်းဝန်းကျင်သာ ရှိပေမဲ့ အာဏာသိမ်းပြီးနောက် ကန့်သတ်ထားတဲ့ QR စနစ်တွေနဲ့ စောင့်ဆိုင်းရတဲ့ အခြေအနေတွေ၊ ပတ်စ်ပို့ပြုလုပ်သူ များပြားတာကြောင့် ပတ်စ်ပို့စာအုပ် ပြုလုပ်ခ ငွေကျပ် ၃ သိန်းကနေ ၅ သိန်း၊ ၁၀ သိန်းအထိ ပေါက်စျေးရှိတယ်လို့ ပတ်စ်ပို့ လုပ်သူတွေဆီကနေ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ပြည်ပကိုထွက် အလုပ်လုပ်ကိုင်သူတွေ များပြားနေပါတယ်။

မြန်မာ့လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေကို စစ်တမ်းကောက်ယူ လေ့လာနေတဲ့ Myanmar Independence Researcher အဖွဲ့ရဲ့ ၂၀၂၂ စက်တင်ဘာလ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း မြန်မာနိုင်ငံမှာ လူငယ် ၄၀ ရာခိုင်နှုန်းက ပြည်ပထွက်ဖို့ ကြိုးပမ်းနေပြီး ကျန် ၃၀ ရာခိုင်နှုန်းက အကြောင်းကြောင်းကြောင့် မထွက်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013