DVB Logo
Home
မြန်မာသတင်း
လောင်းလုံးရဲစခန်းတွင် အချင်းချင်းပစ်ခတ်၊ ပုလောတိုက်ပွဲ၌ စစ်တပ်က အများအပြား ကျဆုံး ဒဏ်ရာရ
DVB
·
January 2, 2023
လောင်းလုံးရဲစခန်းတွင် အချင်းချင်းပစ်ခတ်၊ ပုလောတိုက်ပွဲ၌ စစ်တပ်က အများအပြား ကျဆုံး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း လောင်းလုံးမြို့မရဲစခန်းမှာ ဇန်နဝါရီ ၁ ရက်နေ့ ည ၈ နာရီကျော်လောက်က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ ပြဿနာဖြစ်ပြီး အချင်းချင်းပစ်ခတ်ကြတာကြောင့် တဦးသေဆုံးပြီး တဦးအရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ရဲစခန်းအနီး​ နေထိုင်သူတွေက ပြောပါတယ်။

"ပစ်သံက ၄ ချက်ကြားတယ်၊ ပစ်ပြီး ထိသွားပြီလို့ အော်ပြောနေတာက အကျယ်ကြီးပဲ။ အချင်းချင်း မကျေနပ်တာတွေရှိလို့ ပြဿနာဖြစ်ပြီး ထပစ်ကြတာတဲ့၊ ထိတာက ရဲလား စစ်သားလားတော့ မသိဘူး" လို့ လောင်းလုံးမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခဏအကြာမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်ကားတစီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးလောက်ပါတဲ့ ဗီဂိုကားတစီးနဲ့ ထားဝယ်မြို့ပေါ်ကို သယ်ယူသွားတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့ခံတချို့ကတော့ ပစ်ခတ်မှုအတွင်း မြို့နယ်စခန်းမှူး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ပြောကြပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လောင်းလုံးမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးလောက် ထပ်ဖြည့်ထားပြီး ၁၀ ရက်လောက်အကြာမှာ အခုလို အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

လောင်းလုံးမြို့မရဲခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တွေနဲ့ ပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ညက လောင်းလုံးမြို့ခံ ၇ ဦးလောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၅ဝ အထိ သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ဝ ရက် မနက်ကစပြီး တိုရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာနဲ့ ကဒဲရွာတ လျှောက် တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားခဲ့သလို ကျောင်ပုဇွန်တောင်အနီးနဲ့ နန်းပရုပ်ရွာအနီးတို့မှာလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ ပလမြို့ကထွက်လာတာ  အင်အားကအများကြီးပဲ၊ လမ်းတလျှောက် ကျနော်တို့ဘက်က မိုင်းဆွဲပြီး ပစ်တာပဲ။ မိုင်းဆွဲတာ ငှက်တွေလိုတက်ပျံနေတယ်။ ပစ်ရတာကလည်း အနီးကပ်ဆိုတော့ ပုံလှဲနေတာ အများကြီးပဲ" လို့ တိုက်ပွဲဝင် ရဲဘော်တဦးကပြောပါတယ်။

တိုက်ပွဲအတွင်း ၇ ကြမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေပစ်ခတ်မှု များစွာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ဘက် အင်အားခန့်မှန်း ၃၀၀ ဝန်းကျင်၊ အင်အားအပြည့်နဲ့လာတာပါ။ ပြည်သူတွေကို ကြိုရှောင်ခိုင်းထားနိုင်တော့ ပြည်သူထိခိုက်မှုတော့ မရှိဘူး။ အိမ်တွေ မီးရှို့ခံရတာ ပြည်သူတွေနဲ့ ထပ်တူဝမ်းနည်းရတယ်ဗျ။ လက်နက်အင်အားမမျှတော့ အပြည့်အဝကာကွယ်မပေးနိုင်ခဲ့ဘူး" လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၂ ရက်ဆက် တိုက်ပွဲအတ္ငင်း စစ်ကောင်စီဘက်မှ အယောက် ၅၀ ထက်မနည်း သေဆုံးပြီး  ၃၀ ထက်မနည်း ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာရှိ နေအိမ်အလုံး ၆ဝ ကျော် မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်း မသွားလာကြဖို့၊ လိုက်နာမှုမရှိဘဲ တစုံတရာဖြစ်ပွားပါက တာဝန်ယူမှာမဟုတ်ဘူးလို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013