DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ခြေတလှမ်းတိုး
DVB
·
May 24, 2014
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ ခြေတလှမ်းတိုး
1 / 2
Donate to DVB

တနိုင်ငံလုံး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း (Single Text Draft) ညှိနှိုင်းဆွေးနွေးပွဲကနေ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆွေးနွေးပွဲ အပြီးမှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က ကိုယ်စားလှယ်အဖွဲ့ကို ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ ဆွေးနွေးပွဲကနေ အတည်ပြုနိုင်ခဲ့တာပါ။

MPCတနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် (Single Text Draft) ပါ အခန်း ၇ ခန်းမှ ထပ်မံဆွေးနွေးညှိနှိုင်းရမည့် အချက်တွေကို ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက် ရခဲ့တာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ယခင်ကကွဲလွဲခဲ့တဲ့အချက်တွေ တော်တော်များများ သဘောတူညီနိုင်ခဲ့ကြပြီး အသုံးအနှုန်းတချို့ကိုသာ ညှိနှိုင်းဖို့ ကျန်တော့ကြောင်း အသီးသီးပြောဆိုကြပါတယ်။

ပဒိုကွယ်ထူးဝင်းက “ညှိနှိုင်းဆွေးနွေးပွဲမှာ ခေါင်းဆောင် ၂ ဖက်စလုံးက ပိုပြီး ရင်းနှီးလာခဲ့တယ်။ ပိုပြီးတော့ တဖက်နဲ့တဖက်ရဲ့ သဘောထားအမြင်ကို သိရှိလာကြတယ်။ နောက်ပြီးတော့ တဖက်နဲ့ တဖက်ရဲ့ အမြင်သဘောထားကို သိရှိလာတဲ့အပေါ်မှာ ယုံကြည်မှုက ပိုရှိလာကြတယ်။ ဆွေးနွေးမှုက ပွင့်လင်းလာတယ်လို့ မြင်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ နောက်ပြီးတော့ အဖြေရှာတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာခဲ့တယ်။ ဆိုလိုတာက ကိုယ့်ရဲ့ ရပ်တည်မှုထက် ၂ ဖက်စလုံးရဲ့ အကျိုးကျေးဇူးရှိမယ့် သဘောတူညီနိုင်မယ့် အချက်တွေကို ပိုပြီးဆွေးနွေးလာခဲ့တယ်”လို့ ပြောပါတယ်။

တိုင်းရင်းသားတွေဘက်က ဆွေးနွေးတဲ့ အချက်တွေကို အစိုးရဘက်က ငြင်းဆန်တာမျိုးမရှိပဲ လိုက်ပါဆွေးနွေးကြောင်း အပါအ၀င် သြဂုတ်လဆန်းမတိုင်မီမှာ လက်မှတ်ရေးထိုးနိုင်ဖို့လည်း ဖြစ်နိုင်ကြောင်း ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။
“ထည့်သွင်းလက်ခံပြီးတော့ အပြန်အလှန်ဆွေးနွေးခဲ့တာတွေရှိတယ်။ ဒုတိယ အချက်ကတော့ အန်စီစီတီအနေနဲ့ သက်ဆိုင်တဲ့ တိုင်းရင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖလှယ်ပွဲဟာမျိုးတွေ ဆောင်ရွက်မယ်ဆိုရင်လည်း ဒီဆောင်ရွက်မှုအပေါ်မှာ အပြည့်အ၀ အပြန်အလှန်ကူညီမယ်။ တတိယ အချက်ကတော့ ဆွေးနွေးပွဲတွေကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ တဖက်က ကြိုးစားမယ် ပြီးရင်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဆီ ရောက်အောင်သွားမယ်ဆိုတဲ့ အချက်ပါပဲ။”

ဒေါက်တာဆလိုင်းလျှန်မုန်း ကတော့ သူတို့တင်ပြချက်တွေပေါ်မှာ အစိုးရက ငြင်းဆန်တာမျိုး မဟုတ်ပဲ ပြန်လည် ညှိနှိုင်းတာတွေ ရှိလာကြောင်း အခုလိုပြောဆိုပါတယ်။
“တိုးတက်မှုအနေနဲ့ ပြောချင်တာ ဧပြီလတုန်းကဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရက တစုံ တခုမှ မပြောဘူး။ သူတို့အမြင်မှာ အဲဒါက အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့အမြင်မျိုးနဲ့ စဉ်းစားခဲ့တယ်ဆိုပြီးတော့ သုံးသပ်တယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ဒီအပေါ်မှာ နားလည်မှုချင်း တူလာတယ်။ အဲဒီလို နားလည်မှုချင်းတူလာတဲ့အပေါ်မှာ သူတို့အနေနဲ့ ဒီလိုရေးရင် ကောင်းမလားဆိုပြီးတော့ ကျနော်တို့ရေးထားတဲ့ စာသားအပေါ်မှာ သူတို့အနေနဲ့ ဒီလိုရေးသင့်တယ်ဆိုတဲ့ တင်ပြထားတာရှိလာတယ်။ အဲဒီလို တင်ပြလာတယ်ဆိုကတည်းက တော်တော်လေး တိုးတက်မှုလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တဘက်နဲ့ တဘက် စိုးရိမ်ပူပန်နေတဲ့ အရေးကြီးတဲ့ အချက်တွေ ပိုမိုဖြေလျှော့လာနိုင်တာကြောင့် စိုးရိမ်မှုနည်းလာပြီး သဘောတူမှု ပိုများလာတာလို့ ဆိုပါတယ်။
“ပထမူကြမ်းကို ဧပြီလမှာရတယ်။ မေလ မှာ ဒုတိယ မူကြမ်းကို ရတယ်။ ဒါက သဘောတူညီချက်ကို ပိုပိုပြီး ရလာတယ်။ ပိုရလာတော့ ကျနော်တို့သိတာတော့ အစ်ရူးကြီးကြီးတွေ ၄ ခု ၅ ခု ရှိမယ်။ အဲဒီ ၄ ခု ၅ ခုက စိုးရိမ်နေတဲ့ဟာတွေပေါ့။ အဲဒါတွေ အခုတော့ ဖြေလျော့လို့ ရတဲ့အချိန်ကျတော့ ပိုပြီးတော့ စိုးရိမ်မှုတွေ နည်းသွားတဲ့အခါမှာ သဘောတူမှု ပိုများလာတယ်။ ဒါပါပဲ။”

လာမယ့် ဇွန်လအတွင်းမှာလည်း နောက်တကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူထားကြပြီး အဲ့ဒီဆွေးနွေးပွဲဟာ အပစ်အခတ်ရပ်စဲရေးမှုကြမ်းဆွေးနွေးပွဲမျိုးမဟုတ်ပဲ အချောသတ်လည်း ဖြစ်လာနိုင်ကြောင်းဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၁၃ ခုနှစ်ကုန်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ နိုင်ငံရေးမူဘောင်ချမှတ်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်စတင်ဖို့ သဘောတူညီခဲ့ပြီးတဲ့နောက် ဆက်တိုက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013