DVB Logo
Home
မြန်မာသတင်း
နှစ်သစ်တော်လှန်ရေး ဆက်လက်ဆင်နွှဲရန် ယာယီသမ္မတဒူဝါလရှီး တိုက်တွန်း
DVB
·
January 1, 2023
နှစ်သစ်တော်လှန်ရေး ဆက်လက်ဆင်နွှဲရန် ယာယီသမ္မတဒူဝါလရှီး တိုက်တွန်း
Donate to DVB

လက်ရှိဆင်နွှဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညီညီညွတ်ညွတ်ဆင်နွှဲနေကြတဲ့ တိုက်ပွဲဖြစ်လို့ အောင်ကိုအောင်ရမယ့်အကြောင်းနဲ့ နှစ်သစ်တော်လှန်ရေးကို ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဆင်နွှဲသွားကြဖို့  NUG အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ ၂၀၂၃ ခုနှစ်  ဇန်နဝါရီ ၁ ရက် မနက်  ပြည်သူလူထုထံသို့ ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။

“တော်လှန်ရေးရဲ့ အောင်မြင်မှုသော့ချက်ဟာ‌ တော်လှန်ရေးအင်အားစုနဲ့ ပြည်သူလူထု စည်းလုံးညီညွတ်မှုအပေါ်မှာ ရာနှုန်းပြည့်တည်မှီနေပြီး ဒီတော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူ အားလုံးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ညီညီညွတ်ညွတ် ဆင်နွှဲနေကြတဲ့ တိုက်ပွဲမလို့ အောင်ကိုအောင်ရမယ်လို့ ကျနော်အနေနဲ့ လုံးဝယုံကြည်ပါတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ်ဟာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာအလှည့်အပြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ နှစ်တနှစ်ဆိုတာကို လုံးဝယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်များ တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူတရပ်လုံး အင်တိုက်အားတိုက် နှစ်သစ်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြပါစို့”လို့ ယာယီသမ္မတဒူဝါလရှီးလက  တိုက်တွန်းလိုက်ပါတယ်။

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့နဲ့ တိုင်းရင်းသားပြည်သူ အားလုံးလိုလားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ဖို့ တိုင်းရင်းသားပြည်သူတရပ်လုံး ဆက်လက်အားစိုက်တော်လှန်ကြဖို့နဲ့ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး မဟာဗျူဟာကျကျ ၊ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံတော်လှန်ရာမှာ ကြံ့ကြံ့ခိုင်နိုင်မှုက အင်မတန်အရေးကြီးပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုနဲ့ တော်လှန်‌ရေး အင်အားစုတွေ ခြေကုန်လက်ပန်းကျလာမယ့်အချိန်ကို စောင့်နေတာမို့ကျနော်တို့ အားလုံး တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်ပြီး ဆက်လက်ကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်”လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

စစ်အုပ်စုနဲ့ သူတို့ရဲ့ လော်ဘီတွေဟာ မမှန်မကန်သတင်းတွေနဲ့ မဟုတ်မမှန်သတင်းတွေကို ဖြန့်ပြီး တော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားမှာ ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ NUG အစိုးရကြားမှာ၊ ပါတီတခုနဲ့တခု၊ အဖွဲ့အစည်းတခုနဲ့ တခုကြားမှာ၊ ဝါဒဖြန့်ပြီး သွေးခွဲနေတယ်ဆိုတာကို သတိရှိကြဖို့လည်း တိုက်တွန်းပါတယ်။

တော်လှန်ရေး အင်အားစုတွေအောင်ပွဲခံနေချိန်မှာ စစ်ကောင်စီက ထွက်ပေါက်မရှိတော့လို့ အတုအယောင်ရွေးကောက်ပွဲကျင်းပြီး ထွက်ပေါက်ရှာနေပြီဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ သူတို့ရဲ့ အာဏာသက်ဆိုးရှည်ရေး သူတို့ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ အကျပ်အတည်းတွေကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့လုပ်တဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးချင်တဲ့ နိုင်ငံရေးလှည့်ကွက် နိုင်ငံရေး ထောင်ချောက်သက်သက်ပဲဖြစ်ပါတယ်၊ ဒါကြောင့် စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ရမှာ ဖြစ်ပါတယ်။” 

NUG အစိုးရကတဖက်မှာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေသလို ၂၀၂၃ ခုနှစ်ဟာ   အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ အရင်ကတည်းကကြေညာပါတယ်။

ခုခံတွန်းလှန်စစ် ၁ နှစ်အတွင်း  PDF မဟာမိတ်ရဲဘော် ၁၅၀၀ ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀,၁၅၀ ကျော်သေဆုံးခဲ့တယ်လို့လည်း NUG က ကြေညာထားတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013