DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့က ပန်းချီဆရာမ ဒေးဒေး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
DVB
·
December 31, 2022
သံတွဲမြို့က ပန်းချီဆရာမ ဒေးဒေး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့က ပန်းချီဆရာမ ဒေးဒေးကို ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီဩဇာခံ သံတွဲခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ပန်းချီဆရာမ ဒေးဒေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုပြီး သံတွဲမြို့မရဲစခန်းက ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး အကြမ်းဖက် ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုထားခဲ့တာပါ။

အဲဒီလို ဖမ်းဆီးခံရပြီး သံတွဲခရိုင်တရားရုံးမှာ လေးလကြာ အမူရင်ဆိုင်ပြီးတဲ့နောက် အခုလို အပြီးသတ်အမိန့်ချခဲ့တာပါ။

"ဂွတံတားဖွင့်ပွဲလုပ်လို့ သံတွဲမှာ စစ်ကောင်စီက လူကြီးတွေရောက်နေတယ်ဆိုပြီး သူ့ကို ရုံးချိန်းမထုတ်ဖြစ်ဘူး။ ဒီနေ့မှာလည်း ရုံးချိန်းရှိတာ မိသားစုတောင် မသိဘူး။ မွန်းလွဲပိုင်းလောက်မှ ရုံးထုတ်ရှိတယ်ဆိုပြီး ချက်ချင်း အမိန့်ချပစ်လိုက်တာ။ သူတို့က နှစ်မကူးအောင် ဒီနေ့သောကြာနေ့မှာ အပြီးလုပ်လိုက်တဲ့သဘောပေါ့" လို့ သံတွဲမြို့ခံတယောက်က ပြောပါတယ်။

ပန်းချီဆရာမဒေးဒေးကို သံတွဲမြို့မရဲစခန်းမှူးက တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးတင် စစ်ဆေးတဲ့အခါမှာ ပန်းချီဆရာမရဲ့ လက်သုံးချောင်းထောင်တဲ့ ဓာတ်ပုံနဲ့ CDM သမားတွေကို ထောက်ပံ့ဖို့ ကံစမ်းမဲနှိုက်လို့ရတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်တခုကို ပြန်လည်မျှဝေတဲ့ စကရင်ရှော့ ဓာတ်ပုံနှစ်ခုပဲ စခန်းမှူးဘက်က သက်သေပြနိုင်ပြီး အကြမ်းဖက်မှုမြောက်တဲ့ တခြား သက်သေတွေမပြနိုင်ဘဲ အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်တာဟာ တရားမမျှတမူကို ထင်ရှားစေတယ်လို့ ရုံးချိန်းတွေကို သွားရောက်နားထောင်ခဲ့သူတယောက်က ပြောပါတယ်။

"စခန်းမှူးက နင့်ဘာသာနင် ဘယ်လိုပဲ လုပ်လုပ် နင် ထောင်မကျ ကျအောင် ငါလုပ်မယ်ဆိုပြီး ရုံးထုတ်တဲ့အချိန် တရားရုံးအချုပ်မှာ လာပြောသွားတယ်လို့ သိရတယ်။ ဒီလူက ပိုက်ဆံမရလို့ အခုလို လုပ်တာလည်း ဖြစ်နိုင်တယ်။ သံတွဲမြို့ပေါ်မှာ ဆေးမှုနဲ့ အဖမ်းခံရတဲ့ သူတွေ သိန်း ၁၀၀၊ ၂၀၀ ပေးလိုက်ရင် ချက်ချင်းပြန်လွှတ်ပေးတယ်။ သာမန် လက်လုပ်လက်စားသမားကျတော့ ဒီလောက်ငွေကို ဘယ်ပေးနိုင်ဖို့လဲ၊ အဲတော့ထောင်အကျခံရတာပေါ့။" 

ပုံတူပန်းချီကားတွေ၊ ကျောက်တုံးပေါ်မှာ ပန်းချီရေးဆွဲတဲ့ Stone Art ပန်းချီတွေကို အဓိက ရေးဆွဲတဲ့ ပန်းချီဆရာမ ဒေးဒေးဟာ ဆူရှီဆိုင်လည်းဖွင့်ထားပြီး မုဆိုးမ အမေနဲ့ မောင်ဖြစ်သူကို ရှာဖွေကျွေးမွေးစောင့်ရှောက်နေသူ တယောက်လည်း ဖြစ်ပါတယ်။

သူအပါအဝင် သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခံရပြီး နှစ်ရှည်ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားရသူ အမျိုးသမီး ၄ ယောက် ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013