DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပဖို့အပါအဝင် ၄ ချက်ကို အပစ်ရပ်တိုင်းရင်းသား ၅ ဖွဲ့နှင့် စစ်ကောင်စီ သဘောတူ လက်မှတ်ထိုး
DVB
·
December 30, 2022
ရွေးကောက်ပွဲကျင်းပဖို့အပါအဝင် ၄ ချက်ကို အပစ်ရပ်တိုင်းရင်းသား ၅ ဖွဲ့နှင့် စစ်ကောင်စီ သဘောတူ လက်မှတ်ထိုး
Donate to DVB

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို  အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့  စစ်ကောင်စီတို့ ဒီဇင်ဘာ ၂၉ ရက်က သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ 

အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

နေပြည်တော်မှာ သွားရောက်ဆွေးနွေး သဘောတူလက်မှတ်ထိုးကြတဲ့ တိုင်းရင်းသား ၅ ဖွဲ့ ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူးတို့ ဖြစ်ပါတယ်။

သဘောတူညီချက် ၄ ချက်ထဲမှာ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံတာ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့၊ ပြည်ထောင်စုငြိမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း တိုက်ရိုက်စနစ်-လျို့ဝှက်မဲပေးနစ်ဖြစ်ခြင်း၊ တနိုင်ငံလုံးမှာ တပြိုင်နက်တည်းဆိုတဲ့ ရွေးကောက်ပွဲ စံချိန်စံညွှန်းတွေနဲ့ဆောင်ရွက်ဖို့တွေကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အဖွဲ့ ၅ ဖွဲ့ရဲ့ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက “သဘောတူညီချက်က ၄ ချက်ရခဲ့တယ်။ အဲဒီသဘောတူညီချက် ၄ ချက်အနက်မှာ ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အချက် ၁၀ ချက်ပါဝင်တယ်။ အဲဒါကို အဆိုပြုချက်မူကြမ်းအဖြစ်ထားရှိဖို့ နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လွှတ်တော်မှာပဲ ဒီဖွဲ့စည်းပုံကို အတည်ပြုရမှာဖြစ်တဲ့အတွက်ကြောင့် အခုစုစည်းထားချက်တွေဟာ အဆိုပြုချက် မူကြမ်းများဖြစ်တယ်လို့ နှစ်ဦးနှစ်ဖက်သဘောတူညီကြတာဖြစ်တယ်။”  လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ရထားတဲ့ သဘောတူညီချက်တွေကိုလည်း ခိုင်မှာအောင်လုပ်ဆောင်မှာဖြစ်ပြီး ဒီမိုကရေစီနဲ့ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ 

အလားတူ PPST အဖွဲ့ဝင် ၇ ဖွဲ့ ပါဝင်တဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်တို့ အမြန်ဆုံးတွေ့ဆုံနိုင်ရေး၊ ပြည်သူလူထုတရပ်လုံး လိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိရေးအတွက် အန်စီအေ လမ်းကြောင်းအတိုင်း လုပ်ငန်းစဉ်တွေကို နှစ်ဦးနှစ်ဖက်ချမှတ် ဆောင်ရွက်ဖို့လည်း ဆွေးနွေးသဘောတူခဲ့ပါတယ်။

အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့အားလုံး ပူးပေါင်းပါဝင်လာနိုင်ရေး ကြိုးပမ်းသွားဖို့အပြင် အန်စီအေ ပြဋ္ဌာန်းချက်ပါ အရပ်သားတွေကို အကာအကွယ်ပေးနဲ့ လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေကိုလည်း နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်း  PPST အဖွဲ့ဝင် (၅) ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ သွားရောက်တွေ့ဆုံနိုင်ဖို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၉  ရက်က  ဖိတ်ကြားခဲ့ပါတယ်။

ဒီဖိတ်ကြားမှုအပေါ် အဖွဲ့ ၇ ဖွဲ့က တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ရာမှာ ဒီဖိတ်ခေါ်မှုအပေါ် တက်ရောက်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ဒီဇင်ဘာ ၂၃ ရက်နေ့က အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုအကြောင်းပြန်ပြီးနောက်ပိုင်း တချို့အဖွဲ့တွေက တဖွဲ့ချင်းစီ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အခုလို သွားရောက်ခဲ့တာလို့လည်း ပြောပါတယ်။

အခုနေပြည်တော် သွားရောက်တဲ့ အဖွဲ့ ၅ ဖွဲ့ ထဲမှာ  DKBA နဲ့  KNU/KNLA-(PC) အဖွဲ့တွေဟာ ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဩဇာခံအဖွဲ့တွေဖြစ်ပြီး ကျန်တိုင်းရင်းသား ၃ ဖွဲ့ဟာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာမရှိသလို အင်အားလည်းမရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ 

PPST အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပြီး ပြီးခဲ့တဲ့ အခေါက်တွေမှာ နေပြည်တော်သွားရောက်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်- ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ( SSA-RCSS) အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP )တို့ ကတော့ ဒီတကြိမ်ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013