DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာဥက္ကဋ္ဌကို တရားစွဲ
DVB
·
May 22, 2014
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာဥက္ကဋ္ဌကို တရားစွဲ
Donate to DVB

 အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ဆက်သွယ်မှုနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်တုံမြို့နယ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာဥက္ကဋ္ဌကို မြို့နယ်တရားရုံးက မတရားသင်းဆက်သွယ်မှု ၁၇ /၁ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေချိန်၊ ပြည်တွင်းနိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခွင့်ရနေချိန်မှာ ပါတီရဲ့ ကျေးရွာအဆင့်ခေါင်းဆောင်တယောက်ကို မတရားသင်း ဆက်သွယ်မှုနဲ့ စွဲဆိုလိုက်တာပါ။

snld_flagကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာက  သူတို့ပါတီကျေးရွာဥက္ကဋ္ဌ စိုင်းအိုက်ကိန်ကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်သွယ်လို့ဆိုပြီး တရားစွဲဆိုလိုက်တယ်လို့ သံလွင်အရှေ့ခြမ်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းလုံက ဒီဗွီဘီကို ပြောပါတယ်။

“သူ့ကို ဒီမနက် ၁၁ နာရီမှာ ရဲအချုပ်ကားနဲ့ မြို့နယ်တရားရုံးကို လာပို့တယ်၊ ပြီးတော့ အချုပ်ခန်းထဲ ထည့်ထားတယ်။ မွန်းလွဲ ၂ နာရီမှာ ၁၇ / ၁ နဲ့ တရားစွဲဆိုကြောင်း ရုံးတင်လိုက်တယ်။ တရားလိုအဖြစ်က ဒုရဲမှူးကြီး ဦးကျော်ထွန်းဝင်းက ဆောင်ရွက်ပြီးတော့ မြို့နယ်တရားသူကြီး ဒေါ်မာမာစိုးက ဆောင်ရွက်ပါတယ်။  သူ့ကို တရားစွဲဆိုတဲ့အခါမှာ ပုဒ်မက ၁၉၀၈ ခုနှစ် မတရားသင်း ၁၇ / ၁ ဥပဒေ ဖြစ်ပါတယ်။”

စိုင်းကိန်ကို ရှေ့နေငှားရမ်းဖို့နဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ အမIစစ်ဖို့ တရားရုံးက ချိန်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။ တရားစွဲခံရတဲ့ စိုင်းကိန်ဟာ အားနည်းပြီး ခေါင်းမူးတဲ့ ဝေဒနာခံစားနေရတဲ့အတွက် ထောင်ဆေးရုံမှာ ကုသခွင့်ရဖို့ မနက်ဖြန် ထောင်မှူးကြီးနဲ့ သွားတွေ့မယ်လို့ သူကပြောပါတယ်။

အခုလို သူတို့အဖွဲ့ဝင်တဦးကို မတရားသင်းဆက်သွယ်မှုနဲ့ တရားစွဲဆိုလိုက်တဲ့အတွက် သူတို့ ကျိုင်းတုံမြို့  ၂ မိုင် ၃ မိုင် ပတ်ပတ်လည်မှာ မလုံခြုံတော့သလို ခံစားရကြောင်း၊ လုံခြုံမှုမရှိတော့ရင် ငြိမ်းချမ်းမှုလည်း ရမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ တရားရုံးကို ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖျတ် နဲ့ တာလေမြို့နယ်က ပါတီဝင်တွေ၊ မိသားစုဝင်တွေပါ လူ ၂၀ လောက် လာရောက်အားပေးကြပါတယ်။

စိုင်းကိန်ကို တရားမစွဲခင်ရှေ့ ရဲစခန်းက အပြစ်ရှိတယ်လို့ အတင်းဝန်ခံခိုင်းတဲ့အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထာားပြီး  ဒီအချက်အသေး အဖွဲတကြောင့် အစိုးရငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တခုလုံးပေါ် ထိခိုက်နိုင်လို့ ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာက ၀န်ကြီး ဦးအောင်မင်းတို့ကိုလည်း အကြောင်းကြား ခဲ့ပြီး သူတို့ကလည်း သမ္မတဆီ အကြောင်းကြားပေးမယ်လို့ ဆိုတဲ့ကြားက တရားစွဲခံနေရတာပါ။

ဒီလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဆောင်ရွက်နေတဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

“အခုအနေအထားအတိုင်းဆိုရင် အာရ်စီအက်စ်အက်စ်ဟာ တရားမ၀င်အသင်းတခုလို့ သတ်မှတ် လို့သွားရပြီပေါ့နော်။ သူ့ကို မတရားသင်းတခုအဖြစ် သတ်မှတ်လို့ရသွားတဲ့ အနေအထားမျိုး ရောက်သွားပြီဆိုရင်  သူနဲ့ အစိုးရလုပ်ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေ အပစ်ခတ် ရပ်စဲရေးလုပ်ငန်းတွေဟာ ရှေ့ဆက်ဘယ်လိုသွားမလဲ ထိခိုက်မှုတစုံတရာများ ရှိလာမလား၊ သူကနေတဆင့် သူနဲ့အလားတူ အစိုးရနဲ့ အပစ်ခတ်ရပ်ထားတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပေါ်မှာများ ရိုက်ခတ်မှု ရှိလာမလားဆိုတာ ကျနော်တို့ စိုးရိမ်တာပါ။  အဲလိုမျိုးဖြစ်မလာဖို့ဆိုရင် ဘယ်လိုများ ၀ိုင်းဝန်းထိန်းသိမ်းကြမလဲဆိုတာ အလေးအနက်ထားပြီး စဉ်းစားစေလိုပါတယ်။”

စိုင်းကိန်ကို ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ဆက်သွယ်မှုရှိလို့ ရှမ်းတပ်က ပေးထားတဲ့ သေနတ်တယ်လို့ စွပ်စွဲပြီး ခလရ ၂၄၅ အစိုးရတပ်ဖွဲ့ဝင်တွေက မေလ ၅ ရက်နေ့က သူ့နေအိမ်မှာ ရိုက်နှက်ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မေလ ၆ ရက်နေ့မှာတော့  တြိဂံစစ်တိုင်းရုံးလက်အောက်ခံ စရဖမှူးနဲ့ အဖွဲ့ဝင်တွေက  သူ့ကိုပါ ခေါ်ဆောင်ပြီး ကျိုင်းတုံမှာ ဖွင့်လှစ်ထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဆက်ဆံရေးရုံးကို သွားရောက် စစ်ဆေးမွှေနှောက်ခဲ့ကြပါတယ်။

အစိုးရနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားပြီး ဖွင့်ခွင့်ရရှိထားတဲ့ သူတို့ဆက်ဆံရေးရုံးကို အစိုးရတပ်က ကြိုတင်အကြောင်းမကြားဘဲ လာရောက်မွှေနှောက် သွားတဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ  ၀န်ကြီး ဦးအောင်မင်း ဆီ မေလ ၈ ရက်နေ့က စာတစောင်ပေးပို့ခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူဖို့  လက်ရှိတည်ဆောက်နေတဲ့ ယုံကြည်မှုကို လျော့ရဲစေကြောင်းလည်း   မေလ ၂၁ ရက် ရှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013