DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်၌ စစ်တပ်ကျောင်းကြိုပို့ကား ပစ်ခတ်ခံရ ၊ ပလမြို့ရဲစခန်းကို PDF ဝင်တိုက်
DVB
·
December 27, 2022
ရေးမြို့နယ်၌ စစ်တပ်ကျောင်းကြိုပို့ကား ပစ်ခတ်ခံရ ၊ ပလမြို့ရဲစခန်းကို PDF ဝင်တိုက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအဝင်မှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီတပ်ရင်း ၅၉၁ ရဲ့ ကျောင်းကြိုပို့ကားကို  ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့ကာကွယ်ရေး တပ်ဖွဲ့မှ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကားက ကျောင်းရွာထဲမှာ အမြဲတမ်းကင်းလှည့်နေကျကားပါ အဲဒီကားကို ကျနော်တို့ ရွာထဲကနေ နေရာယူပီး စောင့်ပစ်တာပါ။ ရေးမြို့ ကျောင်းရွာထဲဝင်လာတဲ့ ကျောင်းရွာ ၅၉၁ တပ်က စစ်ကားကို ကျနော်တို့ ဝိုင်းပစ်တာပါ။ ခွေးတွေ ခွေးပြေးဝက်ပြေးကို ပြေးတာပဲ။ စစ်ကားပေါ်က စစ်သားနှစ်ယောက် ကားပေါ်မှာ ကျသွားတယ်။ ကားမရပ်တော့ ကျနော်တို့ လက်နက်တွေ လုဖို့ အချိန်မရလိုက်ဘူး ကားမောင်းပြေးသွား တယ်” လို့ ပြောပါတယ်။

ကျောင်းရွာတပ် ကျောင်းကားကိုပစ်ပြီး စစ်တပ်ဘက်က ပြန်လည်ခုခံမပစ်ခတ်နိုင်ဘဲ ပြန်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “လက်နက်ကိုင်တဖွဲ့က ဝင်ရောက်ပစ်ခတ်ကြတယ်။ ကျောင်းကားမှာပါလာတဲ့ တပ်သားရော ကလေးတွေပါ ထိခိုက်သေတာတော့ ရှိတယ်။ လောလောဆယ်တော့ အတိအကျ မသိရသေးဘူး။ အခုက ရွာထဲမှာ ဘယ်သူမှ အပြင်မသွားလာရဲကြဘူး” လို့ ပြောပါတယ်။

ကျောင်းရွာမှာ စစ်တပ်က တပ်ရင်း ၂ ခုရှိပြီး ရဲစခန်းလည်းရှိသလို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ အခုလို စစ်တပ်ကျောင်းကား ဝင်ရောက်တိုက်ခိုက်ခံရတာပါ။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ကလည်း ရေး-သံဖြူဇရပ် ကားလမ်းဘေးက စစ်တပ် ခမရ ၅၈၆ တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အစင်စံပြကျေးရွာဘက်ကနေ ဓမင်းဆိမ်ဘက်ပင်လယ်ဝသွားတဲ့ လမ်းနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က ဗိုလ်ကျန်ရစ်က ပြောပါတယ်။

အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်နေချိန် မိုင်း ၂လုံး ခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ အထိခိုက်အကျဆုံးတွေရှိနိုင်ပေမဲ့ လတ်တလော အတိအကျ မသိရသေးဘူးလို့ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။ 

အစင်ကျေးရွာဒေသခံ တယောက်က “ပေါက်ကွဲသံက ကျယ်လောင်တော့ ဘေးပတ်ဝန်းကျင် တခုလုံး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ညဘက်ဖြစ်တော့ အပြင်ဘက်ကို ဘယ်သူ့မှ မသွား လာရဲကြတော့ အခြေနေက ဘာဆက်ဖြစ်နေတာလည်း မသိသေးဘူး”လို့ ဆိုပါတယ်။ 

မိုင်းဆွဲ တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်က ရေးကနေ အစင်ကျေးရွာဘက်ကို စစ်ကား ၃ စီးနဲ့ ထပ်မံအင်အားအပြည့်နဲ့ လာရောက်ခဲ့ပေမဲ့ ရေးပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

မနက်ကလည်း ရေး ပြောက်ကျားတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်တွေဟာ နှင်းစုံကျေးရွာအုပ်စု ဒုံဖီကျေးရွာ ကြိုးတံတားက စစ်ကောင်စီတပ်ကင်းစခန်းတခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ပါသေးတယ်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း ပလမြို့ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ညဘက်ဝင်ပစ်တာ။ အဓိကကတော့ ကင်းတဲကို ဝင်ပစ်တာပါ။ သူတို့ဘက်က စိန်ခေါ်စာ ထွက်လာတယ်လေ။ ဘယ်အချိန်ဖြစ်ဖြစ် ဝင်ပစ်လို့ ရတယ်ဆိုတာ သတိပေးတာပါ”လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရှိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်များက အထိအခိုက် မရှိ ပြန်ဆုတ်လာခဲ့တယ်လို့ဆိုပါတယ်။

ပလရဲစခန်းကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၂ ရက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013