
အမေရိကန်ကသာ ကုန်သွယ်မှု ရပ်တန့်ခဲ့မယ်ဆိုရင် ကနေဒါနိုင်ငံက ရှင်သန်ရပ်တည်နိုင်မှာ မဟုတ်ကြောင်းနဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ကနေဒါ စီးပွားရေးရဲ့ ၉၅ ရာခိုင်နှုန်း က အမေရိကန်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။
ထရမ့်ပ်က“မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နဲ့ ကုန်သွယ်မှု မလုပ်ဘူးဆိုရင် ကျနော်တို့ တနှစ်ကို ဒေါ်လာ ဘီလီယံ ၆၀ ကနေ ၉၀ အထိ သက်သာမှာပါ။ ကနေဒါက ကျနော်တို့နဲ့ ကုန်သွယ်မှု မလုပ်ဘူးဆိုရင် သူတို့ ပြဿနာတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။ ကနေဒါနိုင်ငံဟာ ကျနော်တို့နဲ့ စီးပွားရေး ၉၅ ရာခိုင်နှုန်း အတူလုပ်နေလို့ သူတို့ ရပ်တည်နိုင်မယ်လို့ မထင်ပါဘူး။ သူတို့နဲ့ ကုန်သွယ်မှု ရပ်တာနဲ့ သူတို့ရဲ့ စီးပွားရေး ၉၅ ရာခိုင်နှုန်း ရပ်တန့်သွားမှာပါ။ သူတို့ဘာလုပ်မလဲ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ အတိုးနှုန်းကို အနိမ့်ဆုံးမှာ ထားသင့်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ နှစ် ၃၀ လောက်က ကျနော်တို့တတွေ အဲဒီလို အသုံးပြုခဲ့ကြပြီး အဲဒီအချိန်က စမတ်ကျခဲ့ကြပါတယ်” လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ဇူလိုင်လ ကုန်သွယ်မှုစုစုပေါင်းဟာ ၆၆ ဒသမ ၃၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ဇွန်လက ၆၉ ဒသမ ၃၉ ရာခိုင်နှုန်းနဲ့ အရင်နှစ်က ၇၂ ဒသမ ၆၄ ရာခိုင်နှုန်းတို့နဲ့ ယှဉ်ရင် ကုန်သွယ်မှု တဖြည်းဖြည်း ကျဆင်းလာပါတယ်။
အမေရိကန်က ကုန်သွယ်ခွန်နှုန်းထားအသစ်ကို ၅၀ ရာခိုင်နှုန်း မတိုးမြှင့်ခင် ဇူလိုင်လ ကုန်တင်ပို့မှုမှာ စွမ်းအင်နဲ့ သတ္တုတင်ပို့မှုနှုန်း ကျဆင်းခဲ့ပေမဲ့ တင်သွင်းမှုနှုန်း မြင့်မားခဲ့ပါတယ်။
ဒါ့ကြောင့် ဇူလိုင်လ ကုန်တင်ပို့မှု ကျဆင်းခဲ့ပြီး ကနေဒါလုပ်ငန်းရှင်တွေအတွက် ခက်ခဲတဲ့ စမ်းသပ်မှု တခု ဖြစ်လာပါတယ်။
ကနေဒါနိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေဟာ ကနေဒါဒေါ်လာ ၇၆၉ သန်းရှိခဲ့ပြီး ပြီးခဲ့တဲ့ တလက ကနေဒါ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံနဲ့ ယှဉ်မယ်ဆိုရင် ၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ ကုန်သွယ်မှုပိုငွေဟာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ စက်တင်ဘာ ၃ ရက်က ကနေဒါ စာရင်းရုံးက ထုတ်ပြန် ထားပါတယ်။
Source:Reuters











