DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက လူအများစုဟာ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရ
DVB
·
December 24, 2022
မြန်မာနိုင်ငံက လူအများစုဟာ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရ
Donate to DVB

မြန်မာနိုင်ငံက လူအများစုဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားနေရတယ်လို့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေ အရသိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ကျန်းမာရေးပြဿနာ ပိုဆိုးလာတာဖြစ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေရဲ့ သုံးပုံတပုံဟာ စိတ်ကျန်းမာရေးချို့ယွင်းတဲ့ ဒဏ်ကိုခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

နိုင်ငံအနှံ့အပြား တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးခံရတဲ့နေရာတွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လိင်စော်ကားတာတွေအပါအဝင် လုယက်တာ၊ မီးရှို့တာတွေ၊ အရပ်သားတွေပိုင်ဆိုင်တာတွေကို အကြမ်းဖက်ဖျက်ဆီးတာတွေဟာ မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေးကို ရေရှည်ထိခိုက် သက်ရောက်စေမယ်လို့ဆိုပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်တာဟာလည်း စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ဒဏ်ရာဖြစ်ရပ်အလွန် စိတ်ဖိစီးမှုလွန်ကဲတာနဲ့ စိတ်ဓာတ်ကျတာလိုမျိုး ပြင်းထန်တဲ့ စိတ်ကျန်းမာရေး ပြဿနာကို ဖြစ်စေပြီး ပဋိပက္ခကြောင့် အိုးအိမ်မဲ့နေသူတွေရဲ့ သုံးပုံတပုံလောက်ဟာ အဲဒီလိုကြုံနေရာတယ်လို့ စစ်တမ်းကနေ သိရပါတယ်။

လွတ်လပ်သောသုတေသီများအဖွဲ့(မြန်မာ)ရဲ့ စိတ်ကျန်းမာရေးစာတမ်းမှာတော့ ဖြေဆိုထားသူ တယောက်ကတော့ “စိတ်ဖိစီးမှုဆိုတာက ကိုယ်နဲ့တသားတည်း ဖြစ်နေတဲ့အရာလို ဖြစ်နေတာ။ လွန်ခဲ့တဲ့ တရက်နှစ်ရက်က ခရီးထွက်ပြီး အရာအားလုံး မေ့ထားလိုက်တယ်။ အဲအချိန်အတွင်းမှာ ကောင်းသွားတယ်။ ဒါပေမဲ့ ကိုယ့်အိမ် ကိုယ့်ရဲ့ reality (လက်ရှိအခြေအနေ) ကို ပြန်ရောက်တော့ ဖြစ်တည်ရတဲ့ ဘဝကြီးကို ပြန်လက်ခံလိုက်ရပြီဆိုတဲ့အခါမှာ ခုနကမေ့ထားတဲ့အရာတွေသည် အိပ်မက်မက်ခဲ့သလားပေါ့။ အကုန်လုံးက ပြောကြတယ်။ burnout (အရမ်းပင်ပန်းလွန်းတာ) ဖြစ်နေပြီပေါ့။ တကယ်က  burnout ဖြစ်တာ ထက်ကိုလွန်နေပြီ။ ဘာထပ်ဖြစ်မလဲ။ ကျွမ်းပြီးများ ကျွမ်းသွားမလား။ counselor (နှစ်သိမ့်ဆွေးနွေးအကြံပေးသူ) နဲ့ psychiatrist (စိတ်ရောဂါကုဆရာဝန်) နဲ့ သွားတွေ့ရမလားထိတောင် စိတ်ဖိစီးမှုက ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ မြန်မာပြည်သူတယောက်ချင်းစီဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခုမဟုတ်တခု ခံစားနေရပြီး ကြောက်စိတ်နဲ့ မလုံခြုံစိတ်တွေကို မထိန်းချုပ်နိုင်တဲ့အခါ ဒေါသနဲ့ စိတ်မရှည်တာအဖြစ် အသွင်ပြောင်းသွားပြီး အဲဒီကတဆင့် ကိုယ်နှုတ် အကြမ်းဖက်တာ၊ တသီးတခြားနေတာ၊ စိတ်ဓာတ်ကျတာတို့ ဖြစ်လာစေနိုင်တယ်လို့ အေအေပီပီက ဆိုပါတယ်။

လွတ်လပ်သောသုတေသီများအဖွဲ့(မြန်မာ)ရဲ့ စိတ်ကျန်းမာရေးစာတမ်းမှာ ဖြေဆိုထားသူ တယောက်က “ကျမတို့အိမ်က ဈေးနဲ့နီးတော့ ဈေးသည်လေးတွေ၊ အခြေခံလူတန်းစားတွေရှိတယ်။ သူတို့ကျ စားသောက်ဆိုင်တွေသွားတာ ခရီးတွေထွက်တာမျိုး မလုပ်နိုင်တော့ stress (စိတ်ဖိစီးမှု)ကို မခံနိုင်တဲ့အခါ ဖြစ်ချင်ရာဖြစ် ပျော်ဖို့ ထွက်ပေါက်တခုအနေနဲ့ ကထိန်သီချင်းတွေဖွင့်ပြီး လိုက်ဆိုတာ ကခုန်တာတွေလုပ်ကြတယ်။ လူတွေက ပြောကြတယ်။ လူတွေက ပုံမှန်ဖြစ်လာပြီတဲ့။ ကျမအမြင်ကတော့ အဲလိုမဖြစ်ရင်လည်း လူတွေက ရူးကုန်တော့မှာ။ အခြေခံလူတန်းစားတွေကလည်း သူတို့မှာ ပျော်အောင်လို့ နှစ်သိမ့်ပြီးနေရတဲ့ အခြေအနေမှာရှိတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတကာအလှူရှင်တွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေပိုပြီးလုပ်ပေးဖို့၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ပိုလုပ်ပေးဖို့၊ စိတ်ကျန်းမာရေးလုပ်ငန်းတွေတည်ဆောက်ဖို့၊ လူထုရဲ့ အထင်လွဲနေတဲ့ ပုံရိပ်ဆိုး အမျိုးမျိုးကို တောရောမြို့ပါမကျန်တိုက်ထုတ်ပေးဖို့ကိုလည်း အေအေပီပီက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013