DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀ ပိုထုတ်ချေးမည်
DVB
·
May 22, 2014
စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀ ပိုထုတ်ချေးမည်
Donate to DVB

အခုနှစ် မိုးရာသီ စပါးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို အခုဘဏ္ဍာနှစ်မှာ ကျပ် ၉၈၃ ဘီလီယံ ထုတ်ချေးမှာဖြစ်လို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ကျပ်ဘီလီယံ ၅၀ ပိုမိုထုတ်ချေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

အစိုးရက တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ကာမိစေဖို့ နှစ်စဉ်ထုတ်ချေးပေးနေကျ စိုက်ပျိုးစရိတ်ချေးငွေကို အခုလနဲ့ဇွန်လတွေမှာ စတင်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

Farmers plant rice seedlings in a paddy field on the outskirts of Yangonစိုက်ပျိုးစရိတ်ချေးငွေကိုလည်း အခုဘဏ္ဍာနှစ်မှာ မိုးစပါးသီးနှံအတွက် ကျပ် ၉၈၃ ဒသမ ၅၇၇ ဘီလီယံ ထုတ်ချေးမှာဖြစ်လို့ ပြီးခဲ့တဲ့နှစ်ကထက် ကျပ်  ဘီလီယံ ၅၀ ပိုမို ထုတ်ချေးသွားမှာ ဖြစ်တဲ့အပြင် ချေးငွေအတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမှာဖြစ်တဲ့အကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“မိုးအတွက်က စပါးအတွက်ဆိုရင် ကျပ် ၉၈၃ ဒသမ ၅၇၇ ဘီလျံ လေ။ မနှစ်က ချေးတာ မိုးစပါးပဲပေါ့။ အခုကလည်း မိုးစပါးပဲ ပြောကြပါစို့။ မနှစ်ကတုန်း ကျပ် ၉၃၃ ဘီလျံ ပဲ ချေးခဲ့တာလေ။ ချေးငွေ နည်းနည်းတိုးလာတာပေါ့။ နောက်တခါ ယခင် တလကို ၇၁ ပြားနှုန်း ချေးရာကနေ ဒီနှစ်ဆိုရင် တနှစ်ကို ၅ ရာခိုင်နှုန်းဆိုတော့ တလဆိုရင် ၄၂ ပြားပေါ့၊ အဲဒီအထိကို လျော့ချထားတယ်။ ဒါကြောင့် တောင်သူတွေအတွက် အင်မတန်ကောင်းပါတယ်။ တောင်သူတွေကလည်း တော်တော်ဝမ်းသာနေကြတယ်။”

ဒါကြောင့် အခုနှစ်မှာ ထုတ်ချေးမယ့်ချေးငွေပမာဏ တိုးတက်လာခြင်းကြောင့် ပြည်တွင်း လယ်ယာကဏ္ဍရဲ့ လိုအပ်ချက်အပေါ် ဘယ်လောက်အတိုင်းအတာအထိ လွှမ်းခြုံနိုင်မှု ရှိလာနိုင်ပါသလဲ။ ဒါနဲ့ပတ်သက်လို့ သူက အခုလို ဆက်လက်ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က ၁၀ ဧက အောက် တောင်သူကိုပဲ ချေးတာဖြစ်တဲ့အတွက် ဧကကြီးသမားတွေက ချေးငွေထဲမှာ မပါတော့ဘူး။ ကျနော်တို့က မိုးစပါး ၁၀ သန်းကျော်အထိ ထုတ်ချေးဖို့ ရာထားပါတယ်။”

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကတော့ ၁ ဧကအတွက် ကုန်ကျစရိတ်က ကျပ် ၁ သိန်းခွဲ ရှိပြီး အစိုးရက ပေးတဲ့ချေးငွေစားရိတ်က ၁ ဧကကို ကျပ် ၁ သိန်းနှုန်းနဲ့ ၁၀ ဧက အထိသာ ပေးတာဖြစ်လို့ တောင်သူတွေအတွက် လုံလောက်မှုမရှိကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

“ခုနက သူတို့ပြောတဲ့ အတိုးနှုန်းလျော့တာထက်စာရင် လျော့ပြီးချေးတဲ့ ငွေအမောင့်က တောင်သူတွေအတွက် အခက်အခဲပိုရှိမယ့်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ ချေးငွေပဏာမကို တိုးသင့်တယ်။ နောက်တခုက ၁ ဧကကို အနည်းဆုံး ၁ သိန်းခွဲနဲ့ ဧကရှိသလောက် ချေးသင့်တယ်။ နှစ်ရှည်ချေးငွေပေါ့။ အခုက ၅ လကြာရင် တခါဆပ်ဆိုတော့ အဲဒီအချိန်မှာပဲ အကြွေးက ၀ိုင်းတောင်းတဲ့အခါကျတော့ ဘာဖြစ်လဲဆိုရင် ဆန်ဈေး စပါးဈေး ကျတဲ့ဟာပေါ့ အဲဒါဖြစ်နေတယ်။ နှစ်ရှည် ချေးငွေ ကျနော်တို့လိုချင်တယ်။ ၁ ဧကကို ၁ သိန်းခွဲနဲ့ ရှိသလောက် ဧကကို ချေးချင်တယ်။ အဲဒီတော့မှ တောင်သူတွေအတွက် ပိုအဆင်ပြေမယ်လို့ ယုံကြည်တယ်။ သို့မဟုတ်ရင် သံသရာက လည်နေဦးမယ်။”

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က မိုးရာသီအတွက် ထုတ်ပေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေအတွက် ပြန်လည် ကောက်ခံရရှိမှုက ၈၇ ရာခိုင်နှုန်းအထိ ရရှိထားပြီးတော့ တောင်သူတွေကလည်း ပေးဆပ်ရန် ကျန်ရှိနေတာတွေကို ဘဏ်တွေမှာ အခုအချိန်အထိ လာရောက်ပေးသွင်းမှုတွေ ရှိတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013