ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်မှုများစွာမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အီရတ်နိုင်ငံသားတယောက်ကို ဖမ်းဆီးပြီး အကြမ်းဖက်မှုဆိုင်ရာ စွဲချက် ၆ ခုနဲ့ ရင်ဆိုင်ဖို့ အမေရိကန်ဆီ ခေါ်လာခဲ့ပြီလို့ အမေရိကန်တရားရေးဌာနက မေ ၁၅ ရက်မှာ ပြောပါတယ်။
ခုခံလျှောက်လဲသူ မိုဟာမက်ဘာကာ ဆာဒ်ဒါဝုဒ် အယ်လ်-ဆာဒီဟာ အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ခါတစ်ဘ်ဟဇ်ဘိုလာရဲ့ အကြီးတန်းအဖွဲ့ဝင်တယောက် ဖြစ်ပြီး နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းတခုကို ပစ္စည်းအထောက်အပံ့ပေးတယ်လို့ စွပ်စွဲခံထားရတဲ့အကြောင်း တရားလိုရှေ့နေတွေက ပြောပါတယ်။
အယ်လ်ဆာဒီဟာ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတဝန်းမှာ တိုက်ခိုက်မှု ၂၀ နီးပါးနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကို ညှိနှိုင်းဆောင်ရွက်၊ ပံ့ပိုးပေးခြင်းအပြင် အမေရိကန်မြေပေါ်မှာ သတ်ဖြတ်ဖို့ ကြိုးပမ်းချက်တွေအပါအဝင် စွဲချက်တွေနဲ့ စွပ်စွဲခံထားရတယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် ရှေ့နေ ဂျေးကလေတန်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ခါတစ်ဘ်ဟဇ်ဘိုလာအဖွဲ့ဟာ အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ လှုပ်ရှားဆောင်ရွက်နေတာလို့ အမေရိကန်အစိုးရနဲ့ လွတ်လပ်တဲ့ ပညာရှင်တွေက ပြောပါတယ်။
သူဟာ တူရကီမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး အမေရိကန်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ABC သတင်းဌာနက ဖော်ပြပါတယ်။
အီရန် ကျောထောက် နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ဆက်စပ်နေပြီး ပိုကျယ်ပြန့်တဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ အယ်လ်-ဆာဒီဟာ အမေရိကန်နဲ့ အစ္စရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားပြီး အားပေး အားမြှောက်ပြုခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပါတယ်။
Source: Reuters










