DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့က ဆန်စက်ပိုင်ရှင် ၁ ဦးကို စစ်ကောင်စီက ပုန်ကန်မှုဖြင့် ထပ်တိုးတရားစွဲ
DVB
·
December 20, 2022
ကျောက်တော်မြို့က ဆန်စက်ပိုင်ရှင် ၁ ဦးကို စစ်ကောင်စီက ပုန်ကန်မှုဖြင့် ထပ်တိုးတရားစွဲ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကာဒီ (ခ) သဇင်ကျေးရွာက ဆန်စက်ပိုင်ရှင်တဦးကို စစ်ကောင်စီက ကြီးလေးတဲ့ ပုဒ်မတခုဖြစ်တဲ့ စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ-၁၃၁ နဲ့ ထပ်တိုးတရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုထပ်တိုးတရားစွဲခံလိုက်ရသူမှာ ကာဒီကျေးရွာက ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း (၄၃ နှစ်) ဖြစ်ပြီး သူ့ကို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှူးက အောက်တိုဘာ ၂ ရက်က ဆွေးနွေးစရာရှိတယ်ဆိုကာ ခေါ်ပြီး သူနဲ့အတူ အဖော်လိုက်ပါသွားတဲ့ အပေါက်ဝကျေးရွာသား ဦးမောင်ချေ (၃၅ နှစ်) ကိုပါ ဖမ်းဆီးလိုက်တာပါ။

သူတို့နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး စစ်တွေမြို့နယ် တရားရုံးမှာ ဒီဇင်ဘာ ၆ ရက်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဦးလှမောင်သန်းနဲ့ ဦးမောင်ချေတို့ကို ဒီဇင်ဘာ ၁၉ ရက်က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဦးလှသန်းမောင်ကို မတရားအသင်းဆက်သွယ်မှုအပြင် ရာဇသတ်ကြီးပုဒ်မ-၁၃၁ နဲ့ပါ ထပ်မံတရားစွဲဆိုထားတယ်လို့ ဇနီးဖြစ်သူ ဒေါ်လှယဥ်ဆန်းက ပြောပါတယ်။

“သူတို့နှစ်ယောက်ကို မနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၇(၁) အတွက် ရုံးထုတ် စစ်ဆေးခဲ့ကြတယ်။ အဲဒီမှာ ကျမယောက်ျားကို ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ စစ်တပ်က ထပ်မံတရားစွဲထားတယ်လို့ တရားသူကြီးက ပြောတယ်။ ကျမလည်း ဥပဒေအကြောင်းတွေ နားမလည်တော့ အဲဒီပုဒ်မအကြောင်းကို ရဲတွေကိုမေးကြည့်တော့ ရဲတွေက ပြစ်မှုကြီးတယ်လို့တော့ ပြောကြတယ်။ ကျမယောက်ျားက စစ်ကြောရေးမှာ ညှဉ်းပန်းနှိက်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေလည်း နောက်ကျောတွေ ခါးတွေနဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရထားတယ်လို့ ပြောတယ်။ ကျမတို့ကတော့ ဆေးရုံတက်ပြီးတော့ ဆေးကုသခွင့်တွေ ပေးစေချင်တယ်။ အခုတော့ အပြင်က ဆေးတွေဝယ်ပြီး ပေးနေရတယ်” လို့ ပြောပါတယ်။

ဦးလှမောင်သန်းနဲ့ ဦးမောင်ချေတို့နှစ်ဦးကို အောက်တိုဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်အထိ တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာ စစ်တွေမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဦးလှမောင်သန်းကို တရားစွဲဆိုထားတဲ့ စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ-၁၃၁ ဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ သက်ဆိုင်တဲ့ ကြီးမားတဲ့ ပုဒ်မတခုဖြစ်ပြီး စစ်ပုန်ကန်မှု ကျူးလွန်တာကို အားပေးတာ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်စေဖို့၊ တာဝန်ဝတ္တတရား မဆောင်ရွက် စေဖို့ အားထုတ်ရင်   အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းအထိရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ တဦးက ပြောပါတယ်။

“အခုတရားစွဲထားတဲ့ ရာဇသတ်ကြီးပုဒ်မ-၁၃၁ ဆိုတာက စစ်ပုန်ကန်မှုကို အားပေးကူညီခြင်း (သို့မဟုတ်) စစ်သားတာဝန်ဝတ္တရားမှ သွေဆောင်ရန် အားထုတ်ခြင်းဆိုပြီး ရေးထားတယ်။ ပြစ်မှုမြောက်တယ်ဆိုရင်တော့ ပြစ်ဒဏ်တွေကတော့ အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး နှစ် ၂၀ တသက်တကျွန်းအထိရှိတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၈၀ ကျော်သာ ပြန်လွှတ်ပေးသေးကာ ဖမ်းဆီးထားသူ ၁၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီက အေအေနဲ့ဆက်နွှယ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013