
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းက ဒီဇင်ဘာ ၁၈ ရက် ည ၉ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေအများအပြား ဆုံးရှုံးခဲ့တယ်လို့ ထောက်ရှာပင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတော့ အိမ်ခြေ ၃၀၀ ကျော်လောက်က ကျနော်တို့ ရွာသူရွာသားတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခဲ့ရတယ်။ ရွာကို မီးရှို့နေတာကိုတော့ အဝေးကနေ လှမ်းမြင်နေရတယ်။ ဘယ်သူမှလည်း သွားမငြှိမ်းရဲလို့ မီးလောင်တဲ့ အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသေးဘူး။ ကျနော်တို့မှာ နေအိမ်တအိမ်ဖြစ်မြောက်ဖို့ နှစ်ပေါင်းများစွာ စုဆောင်းပြီး တည်ဆောက်ကြရတာပါ။ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးလိုက်ရင် PDF တွေ အားလျော့သွားမယ်ဆိုတဲ့ အတွေးမျိုးနဲ့ ရှို့ကြတာ။”
စစ်ကောင်စီဘက်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပေါက်မြို့နယ် မြောက်ပိုင်းကို နိုဝင်ဘာ ၁၉ ရက်နဲ့ တောင်ပိုင်းကို ဒီဇင်ဘာ ၇ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်ထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာ ၁၇ ရွာက အိမ်ခြေ ၁,၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံ ပြည်သူ ၁၆,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။