DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ၏ကြိုးပမ်းမှုအတွက် ထိုက်တန်သည့် ဆုလာဘ်ရလိမ့်မည်ဟု အမေရိကန် သံအမတ်ကြီးပြော
DVB
·
December 18, 2022
မြန်မာပြည်သူများ၏ကြိုးပမ်းမှုအတွက် ထိုက်တန်သည့် ဆုလာဘ်ရလိမ့်မည်ဟု အမေရိကန် သံအမတ်ကြီးပြော
Donate to DVB

မြန်မာပြည်သူတွေဟာ အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်တွေနဲ့ အများကောင်းစားရေးအတွက် သူတို့အသက်တွေကိုတောင် စတေးကြရတာ မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး ဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာ နောက်ဆုံးမှာ ထိုက်တန်တဲ့ ဆုလာဘ်ကိုရလိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း  အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါက ပြောကြားလိုက်ပါတယ်။

တာဝန်ထမ်းဆောင်မှုပြီးဆုံးလို့ မြန်မာပြည်ကနေထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်   သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါက   မြန်မာပြည်သူတွေထံ ဒီဇင်ဘာ ၁၇ ရက်မှာ သံရုံးလူမှုကွန်ရက်ကနေ သတင်းစကားပါးထားတာဖြစ်ပါတယ်။

သံအမတ်ကြီး ဗိုက်ဒါက “ ‘တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြဝဠာကြီးက တရားမျှတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေပါတယ်’လို့ မာတင်လူသာကင်းဂျူနီယာက ပြောခဲ့ဖူးပါတယ်။ အချိန်တွေတော့ ပိုကြာကောင်း ကြာပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာတော့ မိမိတို့ရဲ့မွေးရာပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အသေအချာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ကျနော်ယုံကြည်ပါတယ်။ ဒါဟာ သင်တို့ အမှန်တကယ် တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ ထိုက်တန်တဲ့အရာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာကို တကယ်ပဲ​​ ဂုဏ်ယူတဲ့အကြောင်း သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ မှာ  သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့တာဟာ ဆုလာဘ်ကြီးတစ်ခုပဲလို့လည်း ပြောပါတယ်။

စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို စတင်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်း မြန်မာနိုင်ငံက ထူးထူးခြားခြား အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာတွေလည်း ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရကြောင်း၊ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိ၊ ခံနိုင်ရည်ရှိမှုနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကတော့ တကယ်ကို လေးစားအတုယူဖွယ်ရာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌန်ချထားဆဲဖြစ်ပြီး စစ်အာဏာရှင်ကို သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ ကျူးလွန်ခဲ့တာတွေတာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့နဲ့ အကူအညီလိုအပ်နေတဲ့ လူသန်းပေါင်းများစွာဆီကို အကူအညီတွေပေးအပ်နိုင်ဖို့ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီးက သတင်းစကားပါးထားပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါဟာ အခုဒီဇင်ဘာလအတွင်းမှာပဲ အမေရိကန်ကို ပြန်တော့မှာဖြစ်ပြီး နောက်ထပ်သံအမတ်တစ်ဦး မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ဖို့မရှိတော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ရန်ကုန်သံရုံးမှာ ဒုတိယခေါင်းဆောင်အဖြစ် ရှိနေတဲ့ ဒက်ဘရာလင်းကသာ သံရုံးတာဝန်ခံအဖြစ် ဆက်လက်ရှိသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အမေရိကန်က အခုလို ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ 

Photo-US Embassy

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013