DVB Logo
Home
မြန်မာသတင်း
အန်ဒီအက်ဖ်ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းရောဂါဖြင့် ကွယ်လွန်
DVB
·
May 21, 2014
အန်ဒီအက်ဖ်ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းရောဂါဖြင့် ကွယ်လွန်
Donate to DVB

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေလ ၂၁ ရက် မနက် ၇ နာရီက ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။

[caption id="attachment_18587" align="alignright" width="300"]​ဒေါက်တာ သန်းငြိမ်း ​ဒေါက်တာ သန်းငြိမ်း[/caption]

ဒေါက်တာသန်းငြိမ်း ကွယ်လွန်သွားတဲ့အကြောင်း လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။

“ဦးသန်းငြိမ်း ဒီနေ့မနက် ၇ နာရီက ပင်လုံ ဆေးရုံပေါ်မှာ ဆုံးသွားပါတယ်။ စီပိုးရောဂါနဲ့ အသည်းခြောက်တယ်။ ခြောက်နေရာကနေ စင်ကာပူမှာ ကုတာ ၁၁ ကြိမ်လောက် ရှိပြီ။ ကင်ဆာဆဲအထိ ဖြစ်သွားတော့ ကုသတာ မရတော့ဘူး။ မရတော့ အိန္ဒိယသွားပြီး အသည်းအစားထိုးဖို့ သွားလုပ်ရာမှာ မမျှော်လင့်ပဲနဲ့ နှလုံးသွေးရော ပိတ်နေတဲ့အတွက် ကုလို့မရဘူး။ ဒီနေ့ မနက်တော့ ကွယ်လွန်သွားပါပြီ။”

ဒေါက်တာ သန်းငြိမ်း အသည်းရောဂါရခဲ့တဲ့ဟာ အကျဉ်းထောင်တွင်း ၁၁ နှစ် ကျခံစဉ် ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲပင်ပန်းမှုဒဏ်တွေကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တဦးဖြစ်တဲ့ ၁၉၉၀ ပုလဲအမတ်ဟောင်း ဒေါက်တာတင့်ဆွေက မှတ်ချက်ပေး ပြောပါတယ်။

ဒေါက်တာသန်းငြိမ်းကို အဘ ဦးတင်ညွန့်၊ အမိ ဒေါ်ခင်ညွန့်တို့က ၁၉၃၈ ခုနှစ်က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၀ယောက်အနက် ဒုတိယမြောက် ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဆေးပညာဘွဲ့ရရှိခဲ့ပါတယ်။ ဆရာဝန်အဖြစ် ဒေသ အသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့အတွက် ပင်စင်ပေးခံခဲ့ရပါတယ်။

၁၉၉၀ ခုနှစ်တုန်းက အန်အယ်လ်ဒီပါတီရဲ့  ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် အမတ်ဟောင်း တဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရပါတယ်။

၂၀၀၈ ခုနှစ်မှာ ထောင်က ပြန်လည်လွတ်မြောက်လာပြီး ၂၀၁၀ မှာ အန်အယ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။ အဲ့ဒီနှစ်မှာပဲ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီက သပိတ်မှောက်ခဲ့လို့ အန်ဒီအက်ဖ်ပါတီ ခွဲထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။

ဒေါက်တာသန်းငြိမ်းဟာ ကွယ်လွန်ချိန်အထိ ပါတီခေါင်းဆောင်တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၅ ယောက် ကျန်ရစ်ပြီး ဈာပနကို မေလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အန်ဒီအက်ဖ်ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းရောဂါဖြင့် ကွယ်လွန်