DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် နောက်ဆက်တွဲ ငလျင်များကြောင့် ဆင်ဖြူတော်ရုပ်တု ဦးခေါင်းပိုင်း ပျက်စီး
DVB
·
December 17, 2022
မန္တလေးတွင် နောက်ဆက်တွဲ ငလျင်များကြောင့် ဆင်ဖြူတော်ရုပ်တု ဦးခေါင်းပိုင်း ပျက်စီး
Donate to DVB

မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ထပ်မံလှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ကြောင့် အိမ်တော်ရာဆင်တံတားထိပ်ရှိ တောင်ဘက်ဆင်ဖြူတော်ရုပ်တုရဲ့  ဦးခေါင်းပိုင်း ပျက်စီးကာ မေးရိုးပြုတ်ကျသွားခဲ့တယ်လို့ အနီးဝန်းကျင်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် မဟာမုနိဘုရားကြီးရဲ့  ဆောက်လက်စ တိုက်တန်း‌တချို့မှာလည်း နံရံအက်ကွဲတာတွေ ရှိခဲ့တယ်လို့  မန္တလေးမြို့ခံတွေထံက  သိရပါတယ်။

မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က အမရပူရမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄  ဒသမ ၇ အဆင့်ရှိ  ငလျင်တခု လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းနဲ့ အမရပူရမြို့နယ်တဝိုက်မှာ အင်အား အနည်းငယ်ရှိတဲ့ ငလျင်ငယ်လေးတွေလည်း ၆ ကြိမ် ထက်မနည်း လှုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ ဗဟိုပြုပြီး ငလျင်တွေဆက်တိုက်လှုပ်ခတ်မှုတွေ ရှိနေတာကြောင့် မြို့တွင်းက စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား ယိမ်းယိုင်/မြေခခဲ့တယ်လို့  မန္တလေး မီးသတ်တပ်ဖွဲ့ရဲ့ အချက်အလက်တွေအရသိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်  မနက် ၃ နာရီ ၁၆ မိနစ်ကလည်း မန္တလေး တံတားဦးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်လောက်အကွာမှာ ပြင်းအား ရစ်ချ်တာစကေး  ၅ ဒသမ ၂   ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ 

ငလျင်ကြောင့် မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ အမရပူရမြို့နယ်တွေက ဘုရားပုထိုးစေတီတော်တွေရဲ့ စိန်ဖူးတော်တွေ မြေခတာ၊ ယိမ်းယိုင်တာ၊ ဖောင်းရစ်တော်တွေ အက်ကွဲတာ၊ လျှပ်စစ်မီးတိုင် ပြိုလဲတာ၊ ဘုန်းကြီးကျောင်းနဲ့ လူနေအဆောက်အအုံတချို့ ပြိုလဲပျက်စီးကျခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ်က ကွန်ကရစ်မီးတိုင်တစ်တိုင် ပြိုလဲပျက်စီးတာ၊ အမရပူရမြို့နယ် ရွှေကျက်ယက်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံး မြင့်မိုရ်ပြိုကျတာ၊ ပလစ(၂) တပ်တွင်းရှိ ဘိုးတော်ဂူဘုရားရဲ့ ရွှေထီးတော်မြေခတာအပြင် အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားရဲ့ စိန်ဖူးတော် အနည်းငယ် ယိုင်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမြို့နယ်တွေရှိ တခြား စေတီပုထိုး  ၂၃ ဆူရဲ့ စိန်ဖူးတော်တွေ ယိမ်းယိုင်တာ၊ မြေခတာ၊ အက်ကွဲတာတွေလည်း ဖြစ်ခဲ့သလို မင်းကွန်းဘက်မှာလည်း ကမ္ဘာကျော် မင်းကွန်းပုထိုးတော် ကြီးရှိ ခြင်္သေ့ရုပ်တုကြီးရဲ့လက် ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် စေတီဘုရားတွေ ထိခိုက်ပျက်စီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဇင်ဘာ ၁၅ ရက် မနက် ၃ နာရီလောက်က စတင်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၄၈ နာရီအတွင်းမှာ ပြင်းအားအသင့်တင့်ရှိတဲ့ ငလျင်အကြိမ်ပေါင်း ၅ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013