DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေး ပြန်ကျ
DVB
·
December 16, 2022
ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေး ပြန်ကျ
1 / 3
Donate to DVB

ရန်ကုန်ဈေးကွက်ကို  နယ်ပေါင်းစုံက မိုးကြက်သွန်အသစ်တွေ အဝင်များလာတာကြောင့် စံချိန်တင်မြင့်တက်ခဲ့တဲ့ ကြက်သွန်နီဈေး ပြန်လည်ကျဆင်းလာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

လတ်တလော ရန်ကုန်ဈေးကွက်ကို မုံရွာ၊ မြင်းခြံ၊ မြစ်သား၊ ဆိပ်ဖြူနဲ့ ပခုက္ကူဘက်က ကြက်သွန်နီတွေ ဝင်ရောက်နေပြီး ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ အမျိုးအစားအလိုက် တပိဿာကို အနည်းဆုံး ၁,၅၀၀ ကျပ်ကနေ ၃,၇၀၀ ထိရှိပါတယ်။ တပတ်အတွင်း တပိသာကို ငွေကျပ် ၁,၀၀၀ ကနေ ၁,၆၀၀ ဝန်းကျင်လောက်ထိ ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ကြက်သွန်ကုန်သည်တဦးက “အသစ်တွေ လှိုင်လာတော့ ဈေးကျသွားတာပေါ့။ နယ်စုံစျေးလည်း ကျနေတယ်။ အရောင်းအဝယ်လည်း အေးနေတယ်” လို့ ပြောပါတယ်။

စျေးကွက်ထဲကို ပြည်တွင်း မိုးကြက်သွန်နီအသစ် အဝင်များလာသလို ပြည်တွင်းစျေးမြင့်နေချိန် တရုတ်က ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေလည်း ရှိနေပါတယ်။

ကုန်စည်အဝင်များလာလို့ ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေပေမဲ့ လက်လီဈေးကွက်မှာတော့ ဈေးကျဆင်းမှု မရှိသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “လက်လီစျေးကတော့ မကျသေးပါဘူး။ အသေးလေးတွေကို တပိသာ ၄,၀၀၀ လောက်ရှိတယ်။ အဟောင်းက အကြီးတွေဆိုရင် တပိဿာ ၅,၀၀၀၊ ၆,၅၀၀ လောက်ထိ ရောင်းကြတယ်။ အသစ်ကတော့ ဈေးနည်းနည်းသက်သာပေမဲ့ သိပ်လည်းမကွာပါဘူး” လို့ ပြောပါတယ်။

အခုနှစ်က ကြက်သွန်စိုက်ဧက လျော့ကျခဲ့သလို ရာသီဥတုကြောင့်လည်း အထွက်ဆုတ်ခဲ့တာကြောင့် ကုန်ရှားပါးပြီး ပြီးခဲ့တဲ့လပိုင်းတွေက ပြည်တွင်းကြက်သွန်နီဈေး လနဲ့ချီပြီး စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း အဝယ်ရှိနေတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ၃ ဆကျော် ၄ ဆလောက် မြင့်တက်လာခဲ့တာပါ။ အဲဒီလို စံချိန်တင်အမြင့်ဈေး ရောက်နေရာကနေ အခုအခါ ဈေးကွက်ထဲ နယ်စုံက မိုးကြက်သွန်အသစ်တွေ အဝင်များလာတာကြောင့် ဈေးပြန်ကျလာတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းကို တနေ့ ပျမ်းမျှ ကြက်သွန်နီကား အစီးရေ ၃၀ ဝန်းကျင် ဝင်ရောက်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ ကုန်စည်အဝင်များလို့ ပြည်တွင်းကြက်သွန်နီဈေး ပြန်ကျဆင်းနေပေမဲ့ ပြည်ပဝယ်အား ဆက်ပြီး အားကောင်းနေမယ်ဆိုရင်တော့ ကြက်သွန်အသစ်တွေ ဝင်လာပေမဲ့ ဈေးထိုက်သင့်သလောက် ဆက်ကောင်းနေဦးမယ်လို့ ကုန်သည်လုပ်ငန်းရှင်တဦးက သုံးသပ်ထားပါတယ်။

မြန်မာကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ရောဂါဂယက်ကြောင့် စိုက်ပျိုးစရိတ် အောက်ထိ ရောက်ခဲ့ရပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းအထိ ကြက်သွန်နီဈေး တပိဿာကို ကုန်စည်ဒိုင်ပေါက်ဈေး ကျပ် ၅၀၀ ကနေ ၈၀၀ ကြားပဲ ရှိခဲ့ပါတယ်။

လက်ရှိနှစ်မှာလည်း စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေတာကြောင့် တောင်သူတွေက ပုံမှန်ထက် ကြက်သွန်စိုက်ဧကကို လျှော့ချခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013