
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ လပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။
ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမမှာ ကျင်းပတဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ ဦးဝင်းတင်ကို အောက်မေ့သတိရသူတွေ တက်ရောက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ဟာ မြန်မာနိုင်ငံရေးမှာ ရာထူးနဲ့ အာဏာရဖို့ ကြိုးစားခဲ့သူမဟုတ်ဘဲ စံနမူနာပြုထိုက်သူလို့ ပြောပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ဦးဌေးကြွယ်ကလည်း ဦးဝင်းတင်ဟာ စာပေရေးသားရာမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မူမရှိခဲ့ဘဲ နိုင်ငံရေးမူဝါဒနဲ့ ပတ်သက်ရင်တော့ ပြင်းပြင်းထန်ထန် ရပ်တည်ခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှု ဖြိုခွင်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်သူတဦးဖြစ်ပါတယ်။
သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၁၉၈၉ ခုနှစ်မှာ ဖမ်းခံရပြီး ထောင်တွင်း ၁၉ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့၊ အသက် ၈၅ နှစ်အရွယ် ရန်ကုန်ဆေးရုံ၊ အထူးကုသဆောင်မှာ ကွယ်လွန်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်











