
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး ခေါင်းစဉ်နဲ့ ဖိအားပေး ငွေကောက်ယူနေတဲ့ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ညောင်ဦးမြို့နယ်၊ ဝါးခင်းကြီး ကျေးရွာအုပ်စု၊ စစ်အာဏာရှင်ရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေကို အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “အုပ်ကြီးချစ်ဆွေကို သူ့နေအိမ်မှာ လာဖမ်းခေါ်သွားတာ။ အုပ်ကြီးက တပေါက်ရုံကျေးရွာမှာ နေတာ။ စစ်မှုထမ်းကိစ္စမှာ ပြည်သူတွေအပေါ် အမျိုးမျိုး ဖိအားပေးနေသူပေါ့။ တခါတည်း မပစ်သတ်တာတောင် ကျေးဇူးတင်ရမှာ” လို့ ပြောပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့ ၃ ယောက်လောက်က နေအိမ်ထဲအထိ ဝင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေကို ဖမ်းခေါ်သွားတာတွေ့ရပေမဲ့ ဘယ်အဖွဲ့အစည်းက ဖမ်းတာလဲ ဆိုတာ မသိရသေးပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခေါ်ခံရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးဘက်က ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဇူလိုင် ၂၄ ရက်၊ မနက် ၆ နာရီကျော်လောက်ကလည်း ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းမှာရှိတဲ့ တောင်ဘီရွာမ ကျေးရွာမှာ အမည်မသိဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၄ ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။










