
မိမိထမ်းဆောင်ရမယ့် အခွန်ကြေညာလွှာကို လာရောက်လျှောက်ထားခြင်းမရှိတဲ့ အခွန်ထမ်း တွေအနေနဲ့ အခွန်ရုံးရဲ့ တဖက်သတ်အခွန်စည်းကြပ်တာကို ခံရနိုင်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ရန်ကုန်တိုင်းရုံးက အသိပေးပြောကြားလိုက်ပါတယ်။
ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်ထမ်းစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့ အခွန်ကြေညာလွှာတွေကို ပုံမှန်လာရောက်တင်သွင်းဖို့နဲ့ အခွန်ရုံးက ဆင့်ခေါ်တာကိုလည်း လာရောက်တွေ့ဆုံဖို့ နိုင်ငံပိုင်သတင်းစာတွေတဆင့် သတိပေးနှိုးဆော်တာတွေ ရှိပါတယ်။
ဒါကြောင့် အခွန်ထမ်းတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့မယ်ဆိုရင် အခွန်ထမ်းတဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးကို ဆုံးရှုံးမှာဖြစ်တဲ့အပြင် အခွန်ရုံးရဲ့ တဖတ်သတ်အခွန်စည်းကြပ်မှုကိုလည်း ခံရနိုင်တယ်လို့ ရန်ကုန်တိုင်းအခွန်ဦးစီးမှူး ဦးကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
အခွန်ကြေညာလွှာကိုလည်း နှစ်တစ်နှစ်ရဲ့ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် ၃ လတာ ကာလအတွင်းမှာ ပုံမှန်တင်သွင်းရမှာဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွက် အခွန်ကြေညာလွှာကို အခုနှစ် ဇွန်လ နောက်ဆုံးရက်မတိုင်မီ တင်သွင်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခွန်ထမ်းအနေနဲ့ သတ်မှတ်ကာလကျော်လွန်တဲ့အထိ ကြေညာလွှာကို တင်သွင်းတာမျိုး မလုပ်ခဲ့ရင် အခွန်ထိန်ချန်တဲ့အနေနဲ့ အခွန်ဥပဒေအရ ငွေဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးခံရနိုင်တယ်လို့ ရန်ကုန်တိုင်းအခွန်ဦးစီးမှူးက ဆိုပါတယ်။
ဒီအပေါ် စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်၊ ကုန်သည်အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကတော့ ညှိညှိနှိုင်းနှိုင်း လုပ်စေချင်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအခွန်ဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ကောက်ခံရရှိခဲ့တဲ့ အခွန်ပမာဏက ကျပ် ၇၁၀ ဘီလျံရှိတယ်လို့ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်











