ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် အစ္စရေးကို အီရန်က တိုက်ခိုက်ခဲ့အပြီးမှာ အီရန်အနောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ရေးပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဇွန် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အီရန်ရဲ့ အစောပိုင်း တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သွားမယ်လို့ အစ္စရေးက ကြေညာချိန်မှာ မတုံ့ပြန်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တိုက်တွန်းခဲ့သလို အီရန်ကိုလည်း တော်လောက်ပြီလို့ ထရမ့်ပ်က တားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်လှိုင်း အများအပြား ပစ်လွှတ်ခဲ့ပြီး ဒါဟာ တပတ်လုံလုံး ဆက်တိုက် တိုက်ခိုက်မှုရဲ့ အစပဲရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အစ္စရေးနိုင်ငံသားတွေ ဗုံးခိုအဆောက်အအုံတွေထဲက ပြန်ထွက်ခွာနိုင်ပြီလို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။
အမေရိကန်ကြားဝင်မှုနဲ့ အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲရေး အကန့်အသတ်နဲ့ သဘောတူထားချိန်မှာပဲ လက်ဘနွန်မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။
ဘေရွတ်ကို အစ္စရေးက တိုက်ခိုက်တာဟာ အစ္စရေးအပေါ် အမေရိကန်ရဲ့ ဩဇာသက်ရောက်မှု အကန့်အသတ် ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ဝါရှင်တန်အတွက် ရွေးချယ်စရာ ပိုကျဉ်းမြောင်းလာစေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။










