
Meta နည်းပညာကုမ္ပဏီဟာ Wonder နဲ့ Wonder Full လို့ အမည်ပေးထားတဲ့ အဆင့်မြင့် AI မော်ဒယ်အသစ် ၂ မျိုးကို အောက်တိုဘာ ၁၂ ရက်က မိတ်ဆက်သွားပါတယ်။
အဲဒီအသိဉာဏ်ရည်တု မော်ဒယ်အသစ်တွေဟာ OpenAI ရဲ့ ChatGPT နဲ့ Anthropic ရဲ့ Claude တို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိ စွမ်းဆောင်ရည်ရှိတယ်လို့လည်း ဆိုပါတယ်။
“Muse Spark ဟာ ကျနော်တို့ရဲ့ ပထမဆုံးသော AI မော်ဒယ်အုပ်စု ဖြစ်ပါတယ်။ အခု Muse Wonder ကတော့ ကျနော်တို့ကို ရှေ့တန်းရောက်စေမဲ့ ပိုမိုကြီးမားကာ ပိုပြီးအဆင့်မြင့်တဲ့ မော်ဒယ် အမျိုးအစား ဖြစ်ပါတယ်” လို့ Meta စီအီးအို မာ့ခ် ဇက်ကာဘတ်ဂ်က ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့နှစ်ကစပြီး OpenAI နဲ့ Anthropic လိုမျိုး ထိပ်တန်း AI ကုမ္ပဏီကြီးတွေကို အမီလိုက်နိုင်ဖို့ အတွက် ဇက်ကာဘတ်ဂ်ဟာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အလားတူ Meta ကလည်း ကြော်ငြာလုပ်ငန်း တခုတည်းအပေါ် မှီခိုနေရတာကို လျှော့ချပြီး တခြား ဝင်ငွေရင်းမြစ်တွေပါ ဖြန့်ကြက်ထားနိုင်ဖို့နဲ့ နောက်ထပ်သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့ အတွက် အပြိုင်ကြိုးပမ်းနေရပါတယ်။
ဒါကြောင့် အခုနှစ် AI နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်ဟာ ဒေါ်လာ ၁၄၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်း Meta အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် လူမှုကွန်ရက်တွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့အလျောက် Meta ဟာ ကမ္ဘာတဝန်း နေ့စဉ် အသုံးပြုသူပေါင်း ၃ ဒသမ ၆ ဘီလီယံနဲ့အထက် ပိုင်ဆိုင်ထားပါတယ်။
ဒါပေမဲ့လည်း Meta ရဲ့ AI မော်ဒယ်အသစ်တွေဟာ အခကြေးငွေနဲ့ အသုံးပြုရမဲ့ Muse - အမည်ရ သူတို့ကိုယ်ပိုင် App အသစ်မှာသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
Muse လိုမျိုး AI Agent ဆိုတာက အဆင့်တိုင်းကို လူကိုယ်တိုင် ညွှန်ကြားနေစရာမလိုဘဲ သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်အတိုင်း မိမိနောက်ကွယ်မှာ သူ့ဘာသာသူ လုပ်ကိုင်ပေးနိုင်တဲ့ နည်းပညာမျိုးပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဈေးဝယ်တာ၊ သုတေသနလုပ်တာ၊ ကြိုတင်ဘွတ်ကင် ယူခိုင်းထားတာမျိုးနဲ့ Coding ရေးသားတာမျိုးအထိ အလိုအလျောက် ဆောင်ရွက်ပေးနိုင်ပါတယ်။
မကြာသေးတဲ့ စက်တင်ဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့ နည်းပညာကုမ္ပဏီ အကြီးအကဲ ၆ ယောက်ထဲမှာ ဇက်ကာဘတ်ဂ် ပါဝင်ခဲ့တဲ့အပြင် ဒါဟာ AI မော်ဒယ်တွေ ပိုပြီးအဆင့်မြင့်လာတာနဲ့အမျှ လုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ ထည့်သွင်းတည်ဆောက်ရမဲ့ ကတိကဝတ်ပဲ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကို xAI, OpenAI, Google, Nvidia နဲ့ Anthropic က အမှုဆောင်အရာရှိတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပေမဲ့လည်း ဘယ်လိုမျိုး ဆက်သွားသင့်တယ်ဆိုတဲ့ နည်းလမ်းနဲ့ ပတ်သက်ရင်တော့ သဘောတူညီချက် မရရှိသေးပါဘူး။
Source:Reuters











