DVB Logo
Home
မြန်မာသတင်း
ဒီချုပ်နှင့် ၈၈ တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ လူထောင်သောင်းချီတက်ရောက်
DVB
·
May 17, 2014
ဒီချုပ်နှင့် ၈၈ တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ လူထောင်သောင်းချီတက်ရောက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ကို ရန်ကုန်မြို့မှာ ပထမဆုံး ကျင်းပခဲ့ပြီး လူထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်း ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲက အသံတွေပဲဖြစ်ပါတယ်။

KoMinKoNai and DASSK speech 2008 consti repair17052014YGNဒီပွဲကို ထောင်နဲ့ချီတဲ့ လူထုတွေတက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပထမဆုံး ပူးတွဲကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံဥပဒေကို အကာအကွယ်အဖြစ် ထားစရာ မလိုပဲ အတူတကွ မခွဲခြားပဲပြင်ဆင်ဖို့အတွက် ပြည်သူနဲ့ လက်တွဲဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

“ပြည်သူနဲ့ တပ်မတော်ကြားမှာ ယုံကြည်မှု မရှိဘူး။ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး။ ပြည်သူကလည်း တပ်မတော်ကို မယုံဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်တခုအနေနဲ့ ထားတယ်လို့ မြင်တယ်။ ဒီလို ထားစရာမလိုဘူး။ စိုးရိမ်ကြောင့်ကျမှုတွေ မရှိပါနဲ့။ သတ္တိရှိရှိနဲ့ အတူ ကျမတို့ ရှေ့ကို ဆက်ပြီးသွားကြစို့။ အတူတူဆိုတာ အတူပါ၊ ကျမတို့ ခွဲခြားပြီး ပြောတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် လုံးဝ မရှိပါဘူး။”

ဒါ့အပြင် အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြခံဥပဒေကို တရားဥပဒေဘောင်အတွင်းက ပြင်ချင်ပြီး အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံဖြစ်ချင်တယ်လို့ အခုလိုပြောခဲ့ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြင်စေချင်လဲလို့ ကျမတို့ တစိုက်မတ်မတ် ပြောခဲ့ပါတယ်။ တရားဥပဒေ ဘောင်အတွင်းက လွှတ်တော်နည်းနဲ့ ကျမတို့ ပြင်ချင်တယ်။ ကျမ ဘာဖြစ်လို့ ဒီလိုပြောလဲဆိုတော့ ကျမတို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိစေချင်တယ်။ တရားဥပဒေ မရှိလို့ကတော့ ဒီနိုင်ငံသူ နိုင်ငံသားတွေအတွက် လုံခြုံမှုဆိုတာ ရှိမှာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးမှု ရှိစေချင်တယ်၊ နောက်ပြီးတော့ ကျမတို့ရဲ့ နိုင်ငံကို အဆင့်မြင့်မြင့် နိုင်ငံရေး လုပ်တဲ့ နိုင်ငံဖြစ်စေချင်တယ်။”

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင် ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးကို လက်ခံနေရတာ ဖြစ်တယ်လို့ အခုလိုပြောခဲ့ပါတယ်။

“အုပ်ချုပ်ရေး အာဏာမှာ အမြင့်ဆုံးက နိုင်ငံတော် သမ္မတပါ။ အဲဒီ သမ္မတ စစ်ရေးအမြင် ရှိရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ကျနော်တို့ဟာ တည့်တည့်ပြောရရင်တော့ ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးကြီးကို ဆက်ခံနေရတာပဲ ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပြင်ဆင်ဖို့အတွက် အဓိက တောင်းဆိုခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်းတော်တော်များများရဲ့ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကလည်း ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံတခုလုံးရဲ့ အညှာဖြစ်တဲ့အတွက် ပြင်ဆင်ဖို့ လိုတယ်လို့ အခုလိုပြောပါတယ်။

“ကျန်တဲ့ ပုဒ်မ တခုချင်း တခုချင်းစီ ပြင်ပြီးတော့ ၄၃၆ (က) (ခ) ကို မပြင်နိုင်လို့ ၇၅ ရာခိုင်နှုန်းကျော်ရင် ကျန်တာတွေ ပြင်မယ်ဆိုတာ ပြင်လို့ကို မရဘူး။ ဒါကြောင့်မို့လို့ အညှာကို ကိုင်ပြီး လှုပ်မှ ကျန်တဲ့ အသီးတွေ ပါလာမှာ ဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့သလို မနက်ဖြန်မှာတော့ မန္တလေးမြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013