DVB Logo
Home
မြန်မာသတင်း
မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် စက်မှုလုပ်ငန်းတချို့နှင့် နေအိမ်တွေ ထိခိုက်မှုရှိ
DVB
·
May 17, 2014
မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် စက်မှုလုပ်ငန်းတချို့နှင့် နေအိမ်တွေ ထိခိုက်မှုရှိ
Donate to DVB

မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ရန်ကုန်မြို့တွင်းက လျှပ်စစ်အသုံးပြုလည်ပတ်နေရတဲ့ လုပ်ငန်းတွေနဲ့ နေအိမ်တွေ အပေါ်သိသိသာသာ သက်ရောက်မှု ရှိနေပါတယ်။

ဧပြီလ ၁ ရက်နေ့ကစပြီး မီတာခတိုးမြှင့်ကောက်ခံဖို့ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အကျိုးအဆက်ကြောင့် အခုမေလထဲမှာ ရန်ကုန်မြို့တွင်းက လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။

Electricအင်တာနက်ဆိုင်တွေ၊ ကွန်ပျူတာဂိမ်းဆိုင်တွေ၊ မော်တာအပြင်ဆိုင်တွေသာမက စက်မှုလုပ်ငန်း အကြီးစားတွေနဲ့ လေအေးပေးစက် အသုံးပြုတဲ့ အိမ်တော်တော်များများမှာ ငွေကြေးထိခိုက်မှု ရှိနေတာပါ။

အင်တာနက်ဆိုင်တွေက လုပ်ငန်းသုံးမီတာအနေနဲ့ မီတာခပေးဆောင်ရတဲ့အပြင် အင်တာနက် ၀န်ဆောင်ခ စရိတ်တွေသာမက အဲကွန်းကိုပါ တနေကုန် အသုံးပြုနေရလို့ ခုလို မီတာခတက်တဲ့ အခါ စရိတ်တွေ ပိုကျလာတာပါ။

20s အင်တာနက်နဲ့ ကွန်ပျူတာဂိမ်းဆိုင်က ကိုရယ်ကျော်သီဟ ကတော့ မီတာခတွေ တက်လာပေမယ့် တခြားဆိုင်တွေလည်း အင်တာနက်အသုံးပြုခ မတက်တော့ သူတို့လည်း တိုးမတောင်းလို့ ၀င်ငွေ ယခင်လတွေကထက် လျှော့သွားတယ်လို့ အခုလို နှိုင်းယှဉ်ပြပါတယ်။

“တလကို မီတာခ နှစ်သိန်းလောက်ပေးရတယ်။ ၀င်ငွေက တလအများဆုံးရမှ ၉ သိန်းပေါ့။ မီတာခ နှစ်သိန်းလောက်ပေးရတော့ ဘယ်ကိုက်တော့မလဲ။”

လုပ်ငန်းရှင်တွေကတော့ မီတာခတိုးပေးနေရပေမယ့် မီးပုံမှန်လာဖို့ကိုလည်း မျှော်လင့်နေကြ ပါတယ်။ အကြီးစားစက်မှုလုပ်ငန်းတချို့မှာတော့ မီတာခတက်တာကြောင့် ကုန်ထုတ်လုပ်မှုပိုင်း ကုန်ကျစရိတ်တွေက ယခင်ကထက် သုံးစလောက်တက်သွားတယ်လို့ ပလပ်စတစ်လုပ်ငန်းရှင်မ များ အသင်းမှ ဦးဝင်းမြင့်က ပြောပါတယ်။

“မီတာခ တက်တော့ ကုန်ထုတ်စရိတ်တွေက ပိုကျသွားတယ်။ ဒီတလဆိုရင် ၃ ဆ တက်သွားတယ်။ အခုကတော့ ပထမလပေါ့။ စာရင်းချုပ်ရင် ရှုံးမှာပါ။ အဲဒီလို ရေရှည်ဖြစ်ရင် ငါတို့ စက်ရုံပိတ်ရမှာပေါ့။”

မီတာခတွေ ဒီလိုတိုးမြှင့်လိုက်ပေမယ့် ဈေးကွက်အတွင်းမှာ ဈေးနှုန်းချက်ခြင်းတက်လို့ မရကြောင်း ဈေးမတက်အောင် ချိန်ဆနေရကြောင်း မီတာသုံးတာကိုလည်း ယခင်ကထက် မကုန်သင့်တဲ့ နေရာတွေမှာ မကုန်အောင်ချွေတာမျိုး ကြိုးအဟောင်းတွေ ပြန်လဲတပ်တာမျိုးတွေ စသဖြင့် လုပ်ကြဖို့ စီစဉ်ထားရကြောင်း ဆက်ပြောပါတယ်။

ကြည့်မြင်တိုင်မှာနေတဲ့ မဆွေဆွေကတော့ အရင်ကထက် ဒီလ မီတာခ နှစ်ဆလောက် တက်သွားတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက ပူတဲ့အခါကျတော့ အဲကွန်းက မသုံးလို့မရတဲ့အခါမှာ သုံးရတာပေါ့။ ဒါပေမယ့် မနက် ချက်ပြုတ်တဲ့အချိန်ရယ် အလုပ်သမားတွေ အလုပ်သွားတဲ့အချိန်ရယ် အဲဒီအချိန်တွေ ပိတ်ထားရတာပေါ့။ မီတာခတိုးကောက်တာတော့ ဘယ်ကျေနပ်မလဲ။ ဒါပေမယ့် တခုရှိတာက အဲဒီလိုမျိုးတိုးကောက်ပြီးတော့မှ မီးတော့ မဖြတ်နဲ့ပေါ့ကွယ်။”

ဂန္ဓမာ ဆောက်လုပ်ရေးကလခစားဝန်ထမ်းတစ်ဦး ဖြစ်တဲ့ကိုကျော်လင်းမြင့်ကတော့ မီတာခတိုးတာကို လက်မခံကြောင်း ငွေသုံးစွဲတာချုံ့ရကြောင်းခုလိုဆိုပါတယ်။

“လခစားတွေအနေနဲ့ နည်းနည်းတော့ ထိတယ်။ လစာကနည်းတော့ မီတာခတက်လာတော့ ကျနော်တို့ စားဝတ်နေရေးနဲ့ အိမ်လခနဲ့ မီတာခနဲ့ ရေခနဲ့ အဲဒီလိုမျိုး အခက်အခဲတော့ ဖြစ်တာပေါ့။ မီတာခ တိုးကောက်တာတော့ သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အနေအထားနဲ့ လက်လုပ်လက်စားတွေ များတဲ့အခါကျတော့ မီတာခ တိုးကောက်တာ သဘောမကျဘူး။ ”

ပြီးခဲ့တဲ့ ဧပြီလ ၁ ရင်နေ့ကစပြီး အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံးမီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် အဖြစ် ကောက်ခံနေတာပါ။

အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013