DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုကြောင့် ဆူပူမှုဖြစ်ရင် တိုင်းပြည်နစ်နာမည်ဟု သမ္မတ သတိပေး
DVB
·
May 16, 2014
ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုကြောင့် ဆူပူမှုဖြစ်ရင် တိုင်းပြည်နစ်နာမည်ဟု သမ္မတ သတိပေး
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် ဆူဆူပူပူဖြစ်ရင် တိုင်းပြည်နစ်နာမယ်လို့ သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားလိုက်ပါတယ်။

U Thein Sein Speech MDY 15052014မေ ၁၅ ရက်က မန္တလေးမြို့ စာတတ်မြောက်ရေး လှုပ်ရှားမှုအောင်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်း အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အခမ်းအနားနဲ့တော့ မသက်ဆိုင်ပါဘူး။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ဒီကိစ္စကလည်း ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့ အချုပ်အခြာအာဏာကို အထိပါးမခံပဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူမှ မလိုလားကြပါဘူး။ ကိုယ့်တိုင်းပြည် ဆူဆူပူပူဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ပြည်သူတွေပဲ ထိခိုက်နစ်နာကြမှာ ဖြစ်ပါတယ်။ အမှားအမှန်၊ အဆိုးအကောင်းတွေကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံရဲ့ သင်ခန်းစာကို ရယူပြီး ကျနော်တို့ နိုင်ငံမှာ အလားတူ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါ။”

သမ္မတ အခုလို ပြောကြားချိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်ရေး လူထုဟောပြောပွဲလုပ်ဖို့ နှစ်ရက်အလိုမှာ ပြောဆိုသတိပေးချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ဖွဲ့စည်းပုံပြင်ဖို့လုပ်တာနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မထိခိုက်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“တိုင်းပြည် ဆူပူမှုဖြစ်အောင် လုပ်တာမဟုတ်ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာက ဟောပြောပွဲတွေလုပ်တာက ပြည်သူ့ဆန္ဒနဲ့အညီ လုပ်တာဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာက လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောကြားခွင့်ရှိတယ်၊ သဘောထားပြောခွင့် ရှိတယ်၊ ဒါက ဖွဲ့စည်းပုံက ပေးပြီးသားအခွင့်အရေးအပေါ်မှာ ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေက ဘယ်လောက်ပြင်ချင်တယ်၊ မပြင်ချင်တယ်ဆိုတာကို ဆန္ဒဖော်ထုတ် ပေးတာပဲလေ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့လည်း ဘာမှ မပတ်သက်ပါဘူး။”

ပုဒ်မ ၄၃၆မှာ ဖွဲ့စည်းပုံပြင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒဖြင့်သာ ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲတွေကို ရန်ကုန်မှာ မေလ ၁၇ ရက်နေ့၊ မန္တလေးမှာ မေလ ၁၈ ရက်တို့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိတဲ့ ပြည်သူတွေရဲ့ လက်မှတ်ကောက်ယူရေး လုပ်ငန်းကိုလည်း မေလအတွင်း စတင် လုပ်ဆောင်ကြဖို့ အဖွဲ့ချုပ်က ညွှန်ကြားချက် ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013