စတော့ရှယ်ယာဈေးကွက်ကို ခိုင်မာသည့် ကုမ္ပဏီ ၅ ခုဖြင့် စမည်
DVB
·
May 16, 2014

မြန်မာ့စတော့အိပ်ချိန်း ဈေးကွက်ကို အခြေခံ ခိုင်မာတဲ့ အများပိုင် ကုမ္ပဏီ ၅ ခုလောက်နဲ့ စဖွင့်မှာဖြစ်ပြီး အဲဒီ အများပိုင် ကုမ္ပဏီတွေကိုလည်း ရွေးချယ်သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။
မေလ ၁၄ ရက်နေ့ နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးအပြီး သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာပါ။
စတော့အိပ်ချိန်း ဈေးကွက်တခုအတွက် အများပိုင် ကုမ္ပဏီ အများကြီးနဲ့ ဖွင့်နိုင်ရင် ကောင်းတာမှန်ပေမယ့် တကယ်ခိုင်မာတဲ့ အများပိုင် ကုမ္ပဏီနည်းလို့ ခုလို စဉ်းစားရတာလို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ အမီ စတော့ရှယ်ယာ ဈေးကွက်တခု ပေါ်ပေါက်ဖို့ ဂျပန် ဒိုင်ဝါ ကုမ္ပဏီနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပူးပေါင်း အကောင်အထည်ဖော်နေတာဖြစ်ပြီး အစိုးရဟာ အများပိုင် ကုမ္ပဏီ တည်ထောင်ခွင့်တွေကိုလည်း ခွင့်ပြုပေးနေပါတယ်။










