DVB Logo
Home
မြန်မာသတင်း
သက်သေမခိုင်ဘဲ တရားစွဲပြစ်ဒဏ်ချရန် ကြိုးပမ်းမှု ရပ်တန့်ရေး ရှမ်းပါတီတောင်းဆို
DVB
·
May 16, 2014
သက်သေမခိုင်ဘဲ တရားစွဲပြစ်ဒဏ်ချရန် ကြိုးပမ်းမှု ရပ်တန့်ရေး ရှမ်းပါတီတောင်းဆို
Donate to DVB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တဦးကို အထောက်အထားမခိုင်လုံဘဲ အတင်းအဓမ္မ အမှုတည်ဆောက်ပြီး တရားစွဲဆိုပြစ်ဒဏ်ချဖို့ ကြိုးပမ်းနေတဲ့ကိစ္စ ရပ်တန့်ပေးဖို့ ပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်က ရိုက်နှက်ဖမ်းဆီးပြီး တရားစွဲဆိုဖို့ ပြင်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကျိုင်းတုံမြို့နယ်က ကျေးရွာစည်းရုံးရေးမှူး စိုင်းအိုက်ကိန်မှာ အပြစ်လည်းမရှိ၊ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် တရားမျှတမှုရှိရေး ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Untitled-1စိုင်းအိုက်ကိန်ကို ရှမ်းပြည်တပ်မတော်နဲ့ ဆက်သွယ်လို့ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုဖို့ ပြင်နေတာဟာ အစိုးရနဲ့တပ်မတော်တို့ ၀ိုင်းဝန်းကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေပါ ထိခိုက်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“အမှုတခုကို အပြစ်မရှိပါပဲ အပြစ်ရှိတယ်ဆိုပြီး သူ့ကို ၀န်ခံခိုင်းတယ်။ သူကိုယ်တိုင်က ၀န်မခံတဲ့အတွက် သူ့ကို လက်ဆွဲပြီး လက်ဗွေနှိပ်ခိုင်းတယ်။ အဲလို အတင်းအဓမ္မဖိအားပေးနေတဲ့အပေါ် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမို့လို့ အာစီအက်စ်အက်စ်နဲ့ တခြားငြိမ်းချမ်းရေးအဖွဲ့တွေ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာ တစုံတရာ ထိခိုက်စေနိုင်တဲ့အတွက် ဒီအပေါ်မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက် ထုတ်မှာဖြစ်ပါတယ်။”

ဖမ်းဆီးခံထားရသူ စိုင်းအိုက်ကိန်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက ဖြစ်ပြီး သူ့ကို ခလရ ၂၄၅ အစိုးရတပ်က မေလ ၅ ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

လက်ရှိ ကျိုင်းတုံမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး သူ့ကို တရားစွဲဆိုနိုင်ဖို့ အသင့်ရေးထားတဲ့ စာရွက်ပေါ်မှာ လက်နက်ရှိကြောင်း၊ အပြစ်ကျူးလွန်ကြောင်း အတင်းအဓမ္မ ဖိအားပေးလက်မှတ်ရေးထိုးခိုင်း၊ လက်ဗွေနှိပ်ခိုင်းတယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

ခုလို အောက်ခြေ တပ်ရင်းတပ်ဖွဲ့တွေရဲ့ မှားယွင်းသော လုပ်ရပ်အသေးအဖွဲဟာ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နဲ့ တပ်မတော်တို့ ၀ိုင်းဝန်းဆောင်ရွက်နေတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကိုရော၊ တိုင်းရင်းသားပြည်သူတို့ရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးနိုင်စေတဲ့အတွက် ဒီပြဿ နာကို ၀ိုင်းဝန်းထိန်းသိမ်းဖြေရှင်းပေးဖို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာလို့ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013