DVB Logo
Home
မြန်မာသတင်း
လယ်သမားများနှင့် ကိုကောင်းထက်ကျော်ကို လွှတ်ပေးရန် ဗကသ တောင်းဆို
DVB
·
May 15, 2014
လယ်သမားများနှင့် ကိုကောင်းထက်ကျော်ကို လွှတ်ပေးရန် ဗကသ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအတွင်း သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတဲ့သူတွေကို အစိုးရက ဖြိုခွင်းခြင်း ဆက်မလုပ်ဖို့နဲ့ ဖမ်းဆီးခံရတဲ့ တောင်သူလယ်သမားတွေနဲ့ ကိုကောင်းထက်ကျော်ကို အမှုကွင်းလုံးကျွတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

သဲကုန်းမြို့နယ်မှာ မေလ ၁၄ ရက်နေ့ မနက် ၁၁ နာရီက လယ်သမားခေါင်းဆောင် ကိုပေါက်စ ပြန်လည်လွတ်မြောက်ဖို့ မိုးကောင်းဘုရား ဆုတောင်းပွဲကအပြန်မှာ သဲကုန်းရဲစခန်းက တုတ်၊ ဓားတွေနဲ့ ဝင်ရောက်ဖမ်းဆီး အကြမ်းဖက်ခဲ့တာပါ။

ABSFU (Press Release15052014)ကိုကောင်းထက်ကျော် အပါအဝင် ရွာသားတွေကို ဝရမ်းမပါဘဲ တုတ်နဲ့ရိုက်၊ ဓားနဲ့ထိုးကာ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ဗကသအဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက “၃ လပြည့်အခမ်းအနားကို သဲကုန်းမြို့ပေါ်ကို တက်ပြီးတော့ ဘုရားမှာ ၀တ်ပြုဆုတောင်းပွဲ လုပ်တယ်။ ၀တ်ပြုဆုတောင်းပွဲအတွင်းမှာ အနှောင့်အယှက် မရှိဘူး။  ၀တ်ပြုဆုတောင်းပြီး ပြန်လာတဲ့အခါမှာ ရွာအ၀င်လမ်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းနားမှာ ရဲအင်အား ၃၀ လောက်ကနေ ပိတ်ဖမ်းပြီး သူတို့ကို ဘာဖမ်းဝရမ်းမှ မပါပဲ ဖမ်းချင်လို့ ဖမ်းတယ်ဆိုတဲ့အနေအထားနဲ့ တုတ်နဲ့ ၀င်ရိုက်တာဖြစ်တယ်။ တုတ်နဲ့ ၀င်ရိုက်တဲ့ အချိန်မှာ သူ့ကို အကာအကွယ်ပေးတဲ့ ဒေါ်ညို ဟာ ဖမ်းဆီးခံရတယ်။ ကိုကောင်းထက်ကျော်ကို ထပ်ပြီး လက်ထိတ်ခတ်တယ်။ ခေါင်းမှာ ဒဏ်ရာတချက်ရပြီး လက်ထိတ်ခတ်ခံရတဲ့အချိန်မှာ အမျိုးသမီးတယောက် ၀င်ဆွဲတယ်။ အဲဒီအမျိုးသမီး မခင်မာအေးက ၀င်ဆွဲတဲ့အခါမှာ ရဲက ထိုးလိုက်တဲ့ ဓားချက်နဲ့ လက်မောင်းမှာ ဒဏ်ရာရရှိတယ်။ ဒါဟာ တရားလက်လွတ် ဆောင်ရွက်တာဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”

ရိုက်နှက်ခံရတဲ့ ကိုကောင်းထက်ကျော် ခေါင်းဒဏ်ရာနဲ့ မခင်မာအေး လက်မောင်းဓားဒဏ်ရာရရှိသူတို့မှာ ဆေးကုသမှုခံယူခွင့် မရတဲ့အပြင် ဒီနေ့ ဖမ်းဝရမ်းထုတ် လိုက်တယ်လို့ ဆိုပါတယ်။

ကိုကောင်းထက်ကျော်နဲ့ လယ်သမားတွေကို မတရားစွဲဆိုထားတဲ့ အမှုတွေကနေ ချက်ချင်းပိတ်သိမ်းပြီး ကွင်းလုံးကျွတ် လွှတ်ပေးဖို့၊ သဲကုန်းသပိတ်စခန်းကို လုံးဝမဖျက်သိမ်းဖို့၊ သိမ်းဆည်းလယ်ယာမြေတွေကို မူလပိုင်ရှင်ထံပြန်လည်အပ်နှံဖို့၊ ရိုက်နှက်ခံရတဲ့ ကိုကောင်းထက်ကျော်နဲ့ မခင်မာအေးကို အတားအဆီးမရှိ ဆေးကုသခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူအားလုံးကို ဖော်ထုတ်အရေးယူပေးဖို့လည်း ပဲခူးတိုင်းအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုထားပါတယ်။

သဲကုန်းမြို့က လယ်သမားတွေ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး သဲကုန်းမြို့နယ် ရဲစခန်းကို ဆက် သွယ်မေးမြန်းရာမှာတော့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ရဲမှူး အောင်ဇော်က ဖုန်းကို ဖြေဆိုခြင်းမရှိပါဘူး။

ဒါကြောင့် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး ဝင်းခေါင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ့က ဓားနဲ့ထိုးပြီး အကြမ်းဖက်မှုလုပ်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ လယ်သမားတွေက ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်ကို လုရင်း ဖြစ်ပေါ်တာလို့  ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့ဘက်ကတော့ ဓားထိုးတာတို့၊ ဓားကိုင်တာတို့ ကျန်တဲ့ဟာတွေ အကုန်လုံးတော့ မရှိပါဘူး။ အမှန်တော့ အတိုချုပ်ပြောလိုက်ရင် ဆန္ဒပြတာကို တားတယ်။ ဆက်လုပ်တယ်။ ဆက်လုပ်တဲ့အတွက်ကြောင့်မို့ ဖမ်းဆီးဖို့အတွက် လုပ်တယ်။ ကောင်းထက်ကျော်ကို တချို့အမျိုးသမီးတွေကနေ ပြန်လည်ပြီးတော့ လုယူဆွဲခေါ်တဲ့အတွက်ကြောင့် ကောင်းထက်ကျော်က လဲကျသွားတယ်။ အတင်းလု ဆွဲခေါ်တဲ့အတွက် လဲကျ ခေါင်းပေါက်ပြဲ ဒဏ်ရာတချက်ရတယ်။ ပြီးမှ သူ့ကို ဆွဲလုခေါ်သွားပြီးတော့ အမှတ် ၄ ကျောင်းပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါ် ထွက်ပြေးသွားတာ။”

သဲကုန်းလယ်ယာမြေကိစ္စမှာ အကြမ်းဖက်ခံရသူတွေကို မတရားဖမ်းဆီးချုပ်နှောင်မှု မပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ကျောင်းသားသမဂ္ဂအဖွဲ့တွေက သဘောထား ထုတ်ပြန်ချက်တွေ ဖြန့်ဝေ သွားမှာဖြစ်ပါတယ်။

သိမ်းဆည်းမြေတွေပြန်ရရေးအတွက် လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆိုတာဖြစ်ပြီး လယ်သမား ခေါင်းဆောင် ကိုပေါက်စကို ပုဒ်မ ၅၀၅ ခ နဲ့ ပထမရုံးချိန်းမှာပဲ ဖမ်းဆီးပြီး ပေါင်းတည်ထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013