DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာအဖွဲ့ မြေပုံဒုက္ခသည်စခန်း စစ်ဆေး
DVB
·
May 15, 2014
ရခိုင်ပြည်နယ် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာအဖွဲ့ မြေပုံဒုက္ခသည်စခန်း စစ်ဆေး
Donate to DVB

နယ်စပ်ဒေသလုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (ECC) က တာဝန်ရှိသူတွေဟာ မြေပုံမြို့နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ပြည်နယ်ပြန်ကြားရေးဌာနက ပြောပါတယ်။

arakan refugee 1ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည်စတင်နေတဲ့အတွက် အန်ဂျီအိုနဲ့ ယူအန်က တာဝန်ရှိသူတွေနဲ့အတူ ဒီကနေ့ သွားရောက်စစ်ဆေးတာလို့ ပြည်နယ်ဥပဒေချုပ်နဲ့ အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“နယ်လုံဝန်ကြီးက အီစီစီအဖွဲ့နဲ့ မြေပုံကို သွားနေတယ်။ လောလောဆယ် ဒီမှာရောက်နေတဲ့ အီးစီစီ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်မောင်မောင်အုန်း၊ အဲန်ဂျီအိုတွေ၊ ယူအန်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေ ပြန်စဖို့ မြေပုံဒုက္ခသည်စခန်းကို သွားကြည့်နေကြပါတယ်။”

ဝန်ကြီးက သူတို့ အခက်အခဲတွေကို မေးမြန်းခဲ့လို့ စားဝတ်နေရေး၊ ပညာရေးအခက်အခဲတွေ တင်ပြခဲ့ကြောင်း ၀န်ကြီးနဲ့ စကားပြောခွင့်ရခဲ့သူ စခန်းကော်မတီဝင် ကိုအောင်လွင်က ပြောပါတယ်။

“ဒီမှာက ကျနော်တို့ဘယ်မှ ထွက်လို့မရဘူး။ ၁၅ ဧကထဲမှာပဲ နေနေရတယ်။ အလုပ်အကိုင်ဆိုလည်း မရှိဘူး။ ၀င်ငွေလည်း မရှိဘူး။ စားရေးသောက်ရေး အခက်အခဲ တော်တော်ရှိပါတယ်။ စာသင်ကျောင်းကလည်း နွားတဲကုပ် အဆင့်လောက်ပဲ ရှိပါတယ်။ သူတို့ကို ဒီအခက်အခဲတွေ တင်ပြတယ်။ ဥက္ကဋ္ဌကလည်း ငါးဖမ်းခွင့်ရဖို့ကိုလည်း တင်ပြခဲ့ပါတယ်။”

ဝန်ကြီးက သူတို့အခက်အခဲတွေ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပေမယ့် သူတို့ကို ဧည့်သည်လို့ သုံးနှုန်းပြောဆိုခဲ့ကြောင်း၊ ဧည့်သည်ဆိုတာ အိမ်ရှင်နဲ့ တည့်အောင်ပေါင်းရ မယ်လို့ ပြောဆိုခဲ့တဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိကြောင်း၊ စခန်းမှာ ကမန်တိုင်းရင်းသား လူမျိုးတွေပါ အများကြီးနေထိုင်ကြောင်း ကိုအောင်လွင်က ဆက်ပြောပါတယ်။

“ကျနော်တို့ကို ဧည့်သည်တဲ့ ကျနော်တို့က ဒီမြေမှာ ဘိုးစဉ်ဘောင်ဆက်နေခဲ့တာပါ။ မြန်မာနိုင်ငံမှာ မနေ့တနေ့ကမှ ရောက်လာတာ မဟုတ်ဘူး။ အဲသလို ကျနော်တို့ကို သုံးတယ်ဆိုတော့ ကျနော်တို့ တော်တော့ကို ခံစားရပါတယ်။”

မြေပုံဒုက္ခသည်စခန်းမှာ လူပေါင်း ၃၀၀၀ ကျော်ရှိပြီး မနှစ်အောက်တိုဘာလက ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် မြေပုံမြို့ပေါ်ရပ်ကွက် ၅ ခုကနေ ပြောင်းရွှေ့ခိုဝင်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ သူတို့စခန်းမှာ နာရီဝက်ကြာ လာရောက်ကြည့်ရှုသွားခဲ့ပြီး ပေါက်တော ဒုက္ခသည်စခန်းတွေဘက်လည်း သွားရောက်မယ်လို့ ပြောခဲ့ကြောင်း ကိုအောင်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံအချို့က နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကို ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာလုပ်ငန်းတချို့ ရပ်နားခဲ့ရာက ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့၊ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်နဲ့ ရပ်မိရပ်ဖတွေ တွေ့ဆုံဆွေးနွေးပြီး အိုင်အန်ဂျီအိုတွေ ပြန်လည် ၀င်ရောက်လုပ်ကိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013