
နီပေါနိုင်ငံမှာ ဧရာမ ရေကြီးမြေပြိုမှုကြီးကြောင့် သေဆုံးသူ ၅၀၀ ကျော်သွားပြီဖြစ်ပြီး နောက်ထပ် လူပေါင်းရာနဲ့ချီလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က ဩဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
နောက်ထပ်ရှာတွေ့တဲ့ ရုပ်အလောင်းတွေ တိုးလာတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀ လောက်ရှိလာပြီလို့ မြေပြင်အဖွဲ့တွေက ခန့်မှန်းနေကြပါတယ်။
ဒဏ်ရာရသူ အများအပြားရှိပြီး လူပေါင်း ၃,၇၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင် တွေက သတင်းထုတ်ပြန်ထားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ NGO တွေပူးပေါင်းပြီး အသက်ကယ်ဆယ်ရေး အကူအညီတွေကို စုပေါင်းထောက်ပံ့ပေးနေတယ်လို့ သူက သတင်းထောက် တွေကို ပြောပါတယ်။
ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် လမ်းတွေပျက်စီးပြီး တချို့ဒေသတွေကို သွားလာလို့ မရအောင် ပိတ်ဆို့နေတာမို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပိုခက်ခဲနေတယ်လို့ ဒူဂျာရစ် က ဆိုပါတယ်။
နူဝါကော့ထ်ခရိုင်မှာ ပထမအဆင့် စစ်ဆေးချက်တွေအရ မြေဧက ၂၇,၀၀၀ လောက်နဲ့ လမ်း ၂၈ မိုင် လောက်ပျက်စီးသွားပါတယ်။
ဒုက္ခသည်စခန်း ၅ ခုမှာ လူ ၁,၀၀၀ ကျော် ခိုလှုံနေကြရပြီး ဒါဟာ ပထမအဆင့် ရရှိထားတဲ့ စာရင်းတွေပဲ ရှိသေးတယ်လို့ ဒူဂျာရစ်က ပြောပါတယ်။
နူဝါကော့ထ်နဲ့ ရာဆူဝါခရိုင်တွေမှာ အနည်းဆုံး အိမ်ထောင်စု ၂၀,၀၀၀ လောက် အစားအသောက် အကူအညီလိုအပ်နိုင်တယ်လို့ ကုလသမဂ္ဂ မိတ်ဖက်အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် လူပေါင်း ၅၀,၀၀၀ ကျော်အတွက် အရေးပေါ် သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး အထောက်အပံ့တွေ လိုအပ်နေပါတယ်။
ကလေးငယ် ၁၇,၀၀၀ နီးပါး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁,၅၀၀ နဲ့ လူငယ် ၉,၀၀၀ ခန့်အတွက် အာဟာရ အကူအညီတွေ လိုအပ်နေသလို စာသင်ကျောင်း ၂၃ ကျောင်းကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။
Source:Reuters











