
ဆွီဒင်နိုင်ငံအလယ်ပိုင်း၊ ဖာဂါစ်တာမြို့က ဘရီးနဲလ်အထက်တန်းကျောင်းမှာ ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဓားရှည်တလက်ကို ကိုင်ဆောင်ပြီး ကျောင်းထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၁၆ နှစ်ကနေ ၂၀ အတွင်း ကျောင်းသား ၄၅၀ လောက် တက်ရောက်နေတဲ့ ဘရီးနဲလ် အထက်တန်းကျောင်းမှာ နွေရာသီကျောင်းပိတ်ရက်အပြီး ပြန်ဖွင့်တာ မကြာသေးသလို တချို့ ကျောင်းသားတွေအတွက် ပထမဆုံး ကျောင်းတက်ရတဲ့နေ့ မွန်းလွဲပိုင်းမှာပဲ အခုလို ဖြစ်ပွားခဲ့တာပါ။
ဓားရှည်ကိုင်ပြီး ခေါင်းဆောင်း ဆောင်းထားတဲ့ တိုက်ခိုက်သူဟာ အဲဒီကျောင်းရဲ့ ကျောင်းသားဟောင်း တယောက် ဖြစ်ပြီး သူ့ကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရဲတပ်ဖွဲ့ထံ လူသတ်မှုကျူးလွန်နေကြောင်း ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၀၆ မိနစ်မှာ သတင်း ရရှိခဲ့လို့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး သွားရောက်ခဲ့ကြပါတယ်။
တပ်ဖွဲ့ဝင်တွေ ကျောင်းကို ရောက်သွားချိန်မှာ ကျောင်းသားတချို့ အပြင်ကို ထွက်ပြေးနေကြသလို တချို့ကလည်း ပြတင်းပေါက်တွေကနေ ထွက်ဖို့ ကြိုးစားနေကြပါတယ်။
ရဲတပ်ဖွဲ့က တိုက်ခိုက်သူကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် ပြည်သူတွေ အတွက် အန္တရာယ်မရှိတော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်ရတဲ့ အကြောင်းရင်းမှန်ကို သိရဖို့ ရရှိထားတဲ့ အချက်အလက်တွေ ကို စိစစ်နေပြီး စစ်ဆေးရမဲ့ မျက်မြင်သက်သေ အများအပြား ကျန်ရှိနေသေးတာကြောင့် ထွက်ဆိုချက်တွေကို သက်ရောက်မှု မရှိစေဖို့ သတင်းအချက်အလက် အများကြီးကို ထုတ်မပြောသေးပါဘူး။
တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ဆယ်ကျော်သက် ကျောင်းသား ၂ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမပြင်းထန်တဲ့ တတိယမြောက်ကျောင်းသားကတော့ ဆေးရုံက ဆင်းသွားပါပြီ။
ဆွီဒင်ဘုရင် ကားလ် ၁၆ ဂူးစတပ်ဖ်ကတော့ ဒီသတင်းကို ဝမ်းနည်းတုန်လှုပ်စွာ ကြားသိခဲ့ရပြီး ထိခိုက်ခဲ့ရသူတွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရပါကြောင်း ဝမ်းနည်း ကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် တနိုင်ငံလုံးရှိ ကျောင်းသား၊ မိဘနဲ့ ဆရာ/မတွေ ကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်မှုတွေ ကိုလည်း အလေးပေးပြောပါတယ်။
Source:Reuters











