DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်ထားသော်လည်း ပုဏ္ဏားကျွန်း-စစ်တွေကားလမ်း ပြန်မဖွင့်သေးသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
November 29, 2022
အပစ်အခတ်ရပ်ထားသော်လည်း ပုဏ္ဏားကျွန်း-စစ်တွေကားလမ်း ပြန်မဖွင့်သေးသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်အခတ်ရပ်စဲထားပေမဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို ပြန်ဖွင့်မပေးသေးလို့ ပြည်သူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို နိုဝင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်ဆိုရင်  ၁၉ ရက်ရှိသွားပြီ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က “ဒီနေ့အထိ ပြန်မဖွင့်ပေးသေးတော့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်တောက်နေပြီ”   ဒီဗွီဘီကို ပြောပါတယ်။

အဓိက ပိတ်ဆို့ထားတာကတော့ စစ်တွေမြို့ တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းဂိတ်တွေက ပိတ်ဆို့ထားတာဖြစ်သလို ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းမှာရှိတဲ့ ကွန်းတောင် စစ်ကောင်စီတပ်စခန်း၊ ခမရ ၅၅၀ တပ်ရင်းနဲ့ ပုဏ္ဏားကျွန်း မြို့မရဲစခန်းရှေ့တွေမှာလည်း ဘယ်ရီဂိတ်တွေချပြီး ပိတ်ဆို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ကျွန်းချေ ကျေးရွာဒေသခံတယောက်က “ကျနော်တို့ရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေဟာ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေမြို့ကို အဓိကမှီခိုနေရပြီး လမ်းပိတ်ထားတာ ရက်တော်တော်ကြာနေပြီဆိုတော့ ဒီလမ်းကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးစေလိုတယ်။ ကြာလာရင် ပြည်သူတွေအားလုံး ထမင်းငတ်၊ ဟင်းငတ် ဖြစ်မယ့်အပြင် အဆိုးဆုံးက နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေပါ ပြတ်တောက်သွားတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

ရွာဘက်တွေမှာ အဓိကစီးပွားရေးဖြစ်တဲ့ ငါး၊ ပုဇွန်၊ ကဏန်း ရောင်းဝယ်တဲ့လုပ်ငန်းတွေ အားလုံးလည်း ဒီကားလမ်းပိတ်ဆို့ထားတော့ ဘယ်မှပို့လို့မရတော့ လုပ်ငန်းရှင်တွေရော၊ တပိုင်တနိုင် လုပ်ကိုင်သူတွေပါ ကျပ်သိန်းပေါင်းများစွာ နစ်နာဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာကနေ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့တွေကို သွားရောက်မယ်ဆိုရင် စက်လှေတွေနဲ့ ကွန်းတောင်ရွာကို သွားရောက်ရပြီး အဲဒီကနေတဆင့် ကားတွေနဲ့ မြို့ပေါ်ကို သွားရောက်ကာ ကုန်ပစ္စည်းတွေ ရောင်းဝယ်ကြတာဖြစ်ပြီး စစ်ကောင်စီက လမ်းပိတ်ထားတော့ ရွာသူရွာသားတွေ အရမ်းဒုက္ခရောက်နေကြရတယ်။ ဒီလိုမျိုး လမ်းတွေပိတ်ဆို့ထားတာဟာ ကျနော်တို့ဒေသက ပြည်သူတွေအတွက်သာမက စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ အတွက်ပါ အခက်အခဲဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ အဓိက စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နဲ့ ဟင်းချက်စရာတွေက မြို့ပေါ်က ဝယ်ယူရတာဆိုတော့ လက်ရှိအခြေအနေမှာ စားနပ်ရိက္ခာတွေ ပြတ်တောက်တော့မယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ အပစ်အခတ်ရပ်စဲလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဒီနောက် ရေကြောင်းခရီးသွားလာခွင့်တချို့ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို အခုအချိန်ထိ ပိတ်ဆို့ထားလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီက ကြည်းရေလေ ပူးပေါင်းထိုးစစ်ဆင်နေပြီး ကျေးရွာ ၁၀ ကျော်လောက်က ပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013