
စစ်တပ်ပိုင် မြန်မာဘီယာနဲ့ ဒဂုံဘီယာအပါအဝင် အဖျော်ယမကာတွေကို ပေးအပ်ထားတဲ့ အရည်အသွေးဆုတွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ လူသုံးကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဆန်းစစ်အကဲဖြတ်တဲ့ ဘယ်လ်ဂျီယံအခြေစိုက် Monde Selection ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
Info Birmanie နဲ့ Justice For Myanmar (JFM) တို့ရဲ့ တောင်းဆိုချက်အရ စစ်တပ်ပိုင် MEC နဲ့ MEHL လက်အောက်ခံ အဖျော်ယမကာကုမ္ပဏီတွေကို ဖောက်သည်စာရင်းနဲ့ ဝက်ဘ်ဆိုက်ကနေလည်း ဖယ်ရှားခဲ့တာပါ။
ဒီလုပ်ဆောင်ချက်ကို ကြိုဆိုကြောင်းနဲ့ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို စစ်အုပ်စုက ချိုးဖောက်ထားတာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ Info Birmanie နဲ့ JFM တို့က အီးယူအဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုထားပါတယ်။
Info Birmanie ညှိနှိုင်းရေးမှူး ဂျိုဟန်နာချာဒုံးနီရဲစ်က “ဒီဖြစ်ရပ်က ငြိမ်းချမ်းတဲ့ကာလမှာရော စစ်ပွဲကာလမှာပါ လက်တွေ့ကမ္ဘာ့စီးပွားရေးအသိုက်အမြုံကြီးဟာ ဘယ်လောက်အထိ အပြန်အလှန် ချိတ်ဆက်နေတယ်ဆိုတာကို ကုမ္ပဏီတိုင်းအတွက် သတိပေးချက်တရပ် ဖြစ်သင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပံ့ပိုးကူညီမိတာမျိုး မဖြစ်စေဖို့အတွက် ကောင်းမွန်သင့်လျော်တဲ့ တင်ကြိုစိစစ်ရေးလုပ်ငန်းစဉ်တရပ်က အခုအချိန်မှာ မရှိမဖြစ် လိုအပ်ချက်တခု ဖြစ်လာပါပြီ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို အသိအမှတ်ပြုပြီး၊ လျင်မြန်စွာ တုံ့ပြန်တဲ့ ကုမ္ပဏီတခု ရှိတာက ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်မေးခွန်းကတော့ အီးယူရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုက ပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုဟာ ဥရောပမှာ ငွေပေးချေမှုတွေကို အန္တရာယ်သတိပေးချက် တစုံတရာ မပေါ်ပေါက်ဘဲ ဘယ်လိုလုပ်ဆောင်နိုင်ခဲ့တာလဲ ဆိုတာပါ။ အကြမ်းဖက်မှုတွေကြားကပဲ မြန်မာပြည်သူသန်းပေါင်းများစွာဟာ ခုခံတော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး သပိတ်မှောက်မှုတွေကတဆင့် စစ်တပ်ရဲ့အရင်းအမြစ်တွေကို စုပေါင်းပစ်မှတ်ထား ဖြတ်တောက်နေကြပါတယ်။ ဘရပ်ဆဲလ်မြို့မှာ သက်သောင့်သက်သာ နေထိုင်နေကြတဲ့ ဥရောပခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ မူဝါဒအခြေခံ ရပ်တည်ချက်တွေနဲ့အညီ လုပ်ဆောင်ပြီး စစ်အုပ်စုအပေါ် ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက်ချမှတ်သင့်ပါတယ်”လို့ ပြောပါတယ်။
ပါရီမြို့ရှိ ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’Orsay မှာ ကျင်းပခဲ့တဲ့ Monde Selection ရဲ့ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားမှာ ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက်က ဆုအများအပြား ချီးမြှင့်ခံရပြီးနောက် အခုလို ပြန်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
မြန်မာဘီယာ၊ Black Shield နဲ့ Andaman Gold စတဲ့အမှတ်တံဆိပ်တွေကို ထုတ်လုပ်တဲ့ Myanmar Brewery ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရဲ့ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီ ဖြစ်ပြီး MEC နဲ့ MEHL တို့ကို အီးယူ၊ ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာ ဖြစ်ပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒဂုံဘီယာနဲ့ မြန်မာဘီယာတွေက မြန်မာပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်လူသတ် စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ငွေကြေးပံ့ပိုးပေးနေတဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေရဲ့ ကိုယ်စားလှယ်တွေဟာ အီးယူအတွင်း ငွေပေးချေမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး၊ သူတို့ရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေကို ဈေးကွက်မြှင့်တင်နိုင်ခဲ့တာဟာ အလွန်စိုးရိမ် ဖွယ်ရာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့အနေနဲ့ အီးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်မှု အားလုံးအတွက် တာဝန်ခံမှုရှိစေရေး အခုချက်ချင်း အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြီးအကျယ် ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကို အီးယူအတွင်းမှာဖြစ်စေ အီးယူကုမ္ပဏီတွေနဲ့ဖြစ်စေ နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ မလုပ်နိုင်အောင် တားဆီးရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံနဲ့ ပြင်သစ်အာဏာပိုင်တွေအနေနဲ့ အီးယူဘဏ်တွေကတဆင့် ပြုလုပ်ခဲ့တဲ့ ငွေပေးချေမှုတွေ အပါအဝင် MEC နဲ့ MEHL လက်အောက်ခံကုမ္ပဏီတွေက Monde Selection ထံလို့ ပေးချေခဲ့တဲ့ ငွေပေးချေမှုတွေ၊ အဆိုပါကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေကို ဗီဇာထုတ်ပေးခဲ့မှုတွေ၊ ဒီခရီးစဥ်အတွက် အသုံးပြုခဲ့တဲ့ ဘဏ္ဍာငွေရင်းမြစ်နဲ့ ဆုပေးပွဲအတွက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံကို အသုံးပြုခဲ့တဲ့ကိစ္စတွေဟာ အီးယူဒဏ်ခတ် ပိတ်ဆို့မှု တွေကို ချိုးဖောက်မှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့လည်း Info Birmanie နဲ့ Justice For Myanmar တို့က တောင်းဆိုလိုက်ပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းကျပ် ထိရောက်စွာ အကောင်အထည်ဖော်ဖို့နဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီ ရင်းမြစ်အားလုံး အကျုံးဝင်ပါဝင်လာနိုင်စေဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့ချမှတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။










